ကွတ်ခိုင်မြို့နယ် မန်နိမ်ကျေးရွာခံ အမျိုးသားတစ်ဦးကို KIA နှင့် MNDAA တပ်သားမှ ရိုက်နှက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန်နိမ်ကျေးရွာအုပ်စု မန်နိမ်ကျေးရွာတွင် KIA နှင့် MNDAA တပ်သားမှ ရွာခံအမျိုးသားတစ်ဦးကို ရိုက်နှက်ခဲ့သည်ဟု သိရပါသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်အချိန်တွင် ဖုန်းပျောက်သွားသည့် ကိစ္စနှင့်ပတ်သက်ပြီး လာရောက်မေးမြန်းကာ မိုင်းအိုက်သုန်ကို ရိုက်နှက်ခဲ့ခြင်းဖြစ်ပါသည်။

ဇနီးဖြစ်သူမှ “ဖုန်းလာသွင်းရင်းနဲ့ ဖုန်းကပျောက်သွားတာဖြစ်တယ်။ ဖုန်းပျောက်သွားက ၁ လကျော် ၂ လလောက်ရှိတော့မယ်။ ပျောက်သွားတဲ့ချိန်က သူတို့ဘာမှမပြောတော့ ကျမက ပြီးသွားပြီလို့ထင်တာ။ ၆ ရက်နေ့တုန်းက လာမေးမြန်းပြီး ကျမရဲ့ယောက်ျားကိုရိုက်တာဖြစ်တယ်။ အဲချိန်မှာ ကျမက အိမ်ထဲမှာရှိတယ်။ ကျမယောကျာ်းကိုရိုက်တဲ့ ချိန် ထွက်ကြည့်တော့ သူက သတိမေ့နေပြီဖြစ်တယ်။ သတိမေ့နေတဲ့ချိန်မှာလည်း ရေနဲ့ထပ်ပတ်ခဲ့တယ်။” ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းကို ပြောပါသည်။

မိုင်းအိုက်သုန်ကို ရိုက်နှက်ပြီး ထပ်ပြေးရန်ကြိုးစားသည့် KIA နှင့် MNDAA တပ်သားကို ကျေးရွာလူကြီးတို့မှ ဖမ်းဆီးထားခဲ့သည်ဟု ဆိုပါသည်။

“ကျမယောက်ျားက သတိမေ့တော့ ကျမက ဆေးရုံသွားဖို့ ချက်ချင်းခေါ်သွားတယ်။ အဲဒီ ကချင်စစ်သားနဲ့ ကိုးကန်းစစ်သားက ဘယ်မှာနေလည်း မသိဘူး။ ဒီမှာဖုန်းလာသွင်းတာတော့သိတယ်။ ကျမတို့ရွာမှာတော့ သူတို့မနေဘူး။” ဟု ဇနီးဖြစ်သူမှ ဆက်ပြောပါသည်။မိုင်းအိုက်သုန်သည် ဂုတ်ပိုး ရိုက်ခံရပြီး သတိမေ့သောကြောင့် နမ့်ဖက်ကာဆေးရုံမှ သိန်နီဆေးရုံသို့ ရွေ့ပြောင်း ဆေးကုသမှုခံယူလျက်ရှိပါသည်။

လက်ရှိချိန်တွင် မိုင်းအိုက်သုန်သည် မည်သည့်အကြောင်းအရာမှ မမှတ်သေးကြောင်းနှင့် လည်ပင်းလှုပ်ရှား၍ မရသေးကြောင်း သမီးဖြစ်သူ(လူနာစောင့်) မှ တအာင်းအမျိုးသမီးအဖွဲ့အစည်းကို ပြောပါသည်။

ဤအမှုကိစ္စနှင့်ပတ်သက်ပြီး တာဝန်ယူ ညှိနှိုင်းဆောင်ရွက်ပေးသည့် နမ့်ဖက်ကာကျေးရွာ တအာင်းစာပေနှင့် ယဉ်ကျေမှုအဖွဲ့ ဦးအောင်သန်းမှ အမှုပြီးဆုံးချိန်တွင် အမှုဖြစ်စဉ်ကို ထုတ်ပြန်မည်ဟု ဆိုပါသည်။