ပွဲစျေးသွားခဲ့သည့် ရပ်စောက်ဒေသခံ လူငယ် ၂ ဦး သတ်ခံရပြီး သေဆုံးခဲ့၊ ၂ ဦး ပျောက်ဆုံးနေ 

ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့ညတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်တွင် ကျင်းပခဲ့သည့် ပွဲစျေးတော်သို့ သွားရောက်ခဲ့သည့် ရပ်စောက်မြို့နယ် ဒေသခံလူငယ်နှစ်ဦးသည် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ပြီး အတူလိုက်ပါလာသည့် ဒေသခံရွာသား ၂ ဦးလည်း ပျောက်ဆုံးနေပြီး ၁ ဦးမှာ ပြန်လွှတ်မြောက်လာခဲ့သည်ဟု ဒေသခံ သတင်းအရင်းအမြစ်များထံ သိရသည်။ 

ပင်းတယမြို့တွင် ကျင်းပနေသည့် စျေးပွဲတော်သို့ သွားရောက်ခဲ့သည့် ရပ်စောက်မြို့နယ် အလယ်ချောင်အုပ်စု၊ ဖလန်ကျေးရွာသား ၂ ဦးသည် ပွဲစျေးမှ နေရပ်သို့ ပြန်လာနေသည့်အချိန် ဂိတ်တွင် ကင်းစောင့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်သားတစ်ဦးကို ဆိုင်ကယ်နဲ့တိုက်မိရာမှ ရိုက်နှက်ခံခဲ့ရပြီး သေနတ်ဖြင့် သတ်ခံခဲ့ရသည်ဟု ပြန်လွှတ်မြောက်လာသည့် ဒေသခံတစ်ဦးထံ စုံစမ်းသိရှိရသည်။ 

“သေသွားတဲ့ ကလေးနှစ်ယောက်က ညိုမဲနေအောင် ရိုက်ထားခံရတယ်၊ အလောင်းတွေက ညိုမဲစွဲနေတယ်၊ သူတို့နှစ်ယောက်ကို ပင်းတယဆေးရုံက ရင်ခွဲရုံမှာ ပြန်တွေ့တယ်ပြောတယ်၊ ဘယ်သူ သတ်ခဲ့တာလဲ ဘယ်သူက ဆေးရုံလာပို့လဲဆိုတာကိုလဲ မသိဘူး၊ သူတို့လဲ မမေးရဲဘူးလို့ပြောတယ် ” ဟု အဆိုပါ ဒေသခံသတင်းအရင်းအမြစ်က ပြောပါသည်။

သေဆုံးသွားခဲ့သည့် အသက်(၁၇) နှစ်အရွယ် မောင်စိုးလင်းအောင် နှင့် မောင်ကျော်လင်း တို့ ဖြစ်သည်။ သေဆုံးခဲ့သည့် မောင်ကျော်လင်း၏ ဇနီးဖြစ်သူ အမည်လွှဲ(မဆွေ) နှင့် အသက် ၁၅ နှစ်အရွယ် အမည်လွှဲ(မောင်ဦး) တို့သည်လည်း ထိုနေ့ညတွင် ပျောက်ဆုံးသွားခဲ့သည်ဟု ဒေသခံများထံ သိရသည်။ 

၁၇ နေ့တွင် အမည်လွှဲ(မောင်ဦး) သည် ပင်းတယဆေးရုံမှတစ်ဆင့် ပြန်လည်လွှတ်မြောက်လာခဲ့ပြီး မောင်ကျောင်လင်း၏ ဇနီးဖြစ်သူ အမည်လွှဲ(မဆွေ) သည် ယနေ့အချိန်အထိ အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းထားဆဲ ဖြစ်သည်ဟု သိရသည်။ 

“သူတို့ ၄ ယောက်က ပွဲစျေးလည်ပြီးတော့ ပြန်လာတဲ့အချိန်က ဂိတ်မှာ ဆိုင်ကယ်နဲ့ ဝင်တိုက်မိသွားတယ်လို့ လွှတ်လာတဲ့တစ်ယောက်က ပြောပြတယ်၊ တိုက်မိတော့ စစ်သားတွေက သူတို့ကို နင်တို့က ဆေးသုံးတာလားတဲ့ သူတို့ကတော့ မသုံးဘူးလို့ ဖြေတယ်၊ စစ်သားတွေက ပြန်ရိုက်တာ ရိုက်ပြီးတော့ သူတို့နှစ်ယောက်ကို သေနတ် ၂ ချက်ဆီ ပစ်သတ်လိုက်တာ၊ ကျန်တဲ့နှစ်ယောက်ကိုကျတော့ ပင်းတယမှာခေါ်ထားတာ” ဟု ပြန်လွှတ်မြောက်လာသည့် အမည်လွှဲ(မောင်ဦး) က ပြောသည်။  

လက်ရှိတွင် ညောင်ကောက်၊ ပန်းအိုးကွဲနှင့် တောင်ရှည်ကျေးရွာ ဒေသများ၌ အကြမ်းဖက်စစ်ကောင်စီက တပ်စခန်းချထားပြီး လမ်းသွားလမ်းလာ အသုံးပြုခွင့်များကို ပိတ်ပင်ထားပြီး အဆိုပါဒေသများ၏ လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်းနှင့် သွားလာခွင့်ကန့်သတ်ထားမှုသည် အချိန်ဘယ်လောက်ကြာမည်ကို မသိနိုင်ကြောင်း အမည်မဖော်လိုသည့် ဒေသခံအရင်းအမြစ်များက ဆိုပါသည်။