ရန်လုံကျိုင်းရွာခံအမျိုးသားနှစ်ဦးမြေမြှုပ်မိုင်းနင်းမိပြီးကလေးတစ်ဦးသေဆုံးတစ်ဦးဒဏ်ရာရ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်၊ ရန်လုံကျိုင်း‌ကျေးရွာခံ အမျိုးသား နှစ်ဦး မြေမြှုပ်မိုင်းနင်းမိကာ ကလေးတစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

ဖြစ်စဉ်တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက် ညနေ ၆နာရီဝန်းကျင်အချိန်တွင် လောက်ကိုင်မြို့ ရန်လုံကျိုင်ကျေးရွာအနီးမှ အသက် ၃၅နှစ်အရွယ်ရှိ ဦးချောက်ကျင်းနိုမ်ဆိုသူ နှင့် ၃ နှစ်အရွယ်ရှိ မောင်ချောင်ကျီဝေတို့ သားအဖနှစ်ဦးသည် တောထဲတွင် ထင်ရှာပြီး နေအိမ်သို့ ပြန်လာစဉ် မြေမြှုပ်မိုင်းနင်းမိခြင်း ဖြစ်ပါသည်။

မိုင်းပေါက်ကွဲမှုကြောင့် ဦးချောက်ကျင်းနိုမ်တွင် ညာဘက်လက် ပြတ်သွားခဲ့သည့်အပြင် ဦးခေါင်းနှင့် ခန္ဓာကိုယ်အနှံ့ မိုင်းစများထိမှန်ခဲ့ကာ အရေးပေါ်အခြေအနေတွင် ဆေးကုသနေရပြီး သားဖြစ်သူ ချောင်ကျီဝေသည် ဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်နေစဉ်သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရှိရပါသည်။

“သူတို့က စားဝတ်နေရေးအတွက်လေ ထင်းသွားရှာတာ ကလေးနဲ့သွားတယ်။ တပ်ထဲတော့ မသွားဘူး။ အပြင်ဘက်ကနေသွားရှာတာ၊သူ့ကလေးသေသွားတယ်ဆိုတာ မသိသေးဘူး။ သူ့အမျိုးသမီးကလဲ မျက်လုံးမမြင်ရဘူးလေ။ ဒဏ်ရာပြင်းတော့ စကားတောင်ကောင်းကောင်းမပြောနိုင်ဘူး။ ဆေးကုသဖို့အတွက်လည်း အခက်အခဲရှိတယ် ” ဟု ဒေသခံ အမျိုးသမီးတစ်ဦးမှ တအာင်းအမျိုးသမီးအဖွဲ့အစည်းအား ပြောကြားခဲ့ပါသည်။

မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာသည် ယခင်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ဖူးသည့် နယ်မြေဖြစ်ပြီး သွားလာရန် တားမြစ်ထားသည့်နယ်မြေဖြစ်ကြောင်းနှင့်  အဆိုပါမိုင်းသည် မည်သည့်အဖွဲ့အစည်း၏ မိုင်းဖြစ်ကြောင်း ၊ မိုင်းအမျိုးအစားအား တိကျစွာမသိရကြောင်း ထပ်မံပြောကြားခဲ့သည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူ ဦးချောက်ကျင်းနိုမ်သည်  ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ကာ ခွဲစိတ်ကုသနေရဆဲဖြစ်ပြီး ဆေးကုသရန်အတွက် ကုန်ကျစရိတ် လိုအပ်နေကြောင်း သိရှိရပါသည်။