မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များမှ တအာင်းဒေသအတွင်း တပ်စခန်းသစ်တိုးချဲ့မှု၊လူ့အခွင့်အရေးချိုးဖောက်မှုအပေါ် တအာင်းအမျိုးသမီးအဖွဲ့အစည်းနှင့် တအာင်းကျောင်းသားနှင့်လူငယ်အဖွဲ့တို့၏ ပူးတွဲသတင်းထုတ်ပြန်ချက်

ဒီဇင်ဘာလ ၂၁ရက်နေ့ ၂၀၁၈ခုနှစ်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ စစ်ဆင်ရေးနယ်မြေ အလိုက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုအားလုံးကို(၄)လတာ အပစ်ခတ်ရပ်ဆိုင်းထားမည်ဟု ထုတ်ပြန်ကြေငြာ ထားသော်လည်း တအာင်းဒေသအတွင်း တပ်စခန်းအသစ်တိုးချဲ့မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန် လျက်ရှိနေသည်ကို တွေ့မြင်နေရသည်။

၁) ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းဒေသအတွင်းရှိ မိုးမိတ်မြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့နယ်ခွဲ၊ နမ့်ခမ်းမြို့နယ်၊ မန်တုံမြို့နယ်၊ မိုးကုတ်မြို့နယ်နှင့် မိုင်းလုံမြို့နယ်ခွဲတို့တွင် မြန်မာ့တပ်မတော်ဘက်မှ တပ်စခန်းအသစ် ၁၄ခုကို တိုးချဲ့ထားသည်။

၂) ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် မြန်မာ့တပ်မတော် ကျီးကုန်း-ကလေးဝ အခြေစိုက် စကခ (၁၀) လက် အောက်ခံခမရ (၃၁၆) မှ ကွတ်ခိုင်မြို့နယ် တားမိုညဲမြို့နယ်ခွဲတွင် ဒေါင်နောအုပ်စု အုမ္မလီးကျေးရွာရှိ လူငယ်တစ်ဦးကို ပစ်သတ်ခဲ့သည်။

၃) ဖေဖော်ဝါရီ ၂ ရက် ၂၀၁၉ ခုနှစ်တွင် ဗိုလ်မှူးရဲမင်းထွန်း ဦးဆောင်သော မြန်မာ့တပ်မတော် တပ်မ ၈၈ လက်အောက်ခံတပ်ရင်း၊ ခမရ ၄၁၆ရှိ ဗိုလ်ကြီး လှိုင်ဝင်းထွန်းမှ မန်တုံမြို့နယ် ဆိုင်းလိန်ကျေးရွာသား တစ်ဦးကို အကြောင်းပြချက်မရှိဘဲ ထိုးနှက်ခဲ့သည်။

၄) ဖေဖော်ဝါရီလ ၁၅ ရက် ၂၀၁၉ ခုနှစ်တွင် ဦးကျော်မြင့် ဦးဆောင်သည့် ပန်ဆေးပြည်သူ့စစ်မှ နမ့်ခမ်းမြို့ နယ် ပတ်မာဒိန်ဆာအုပ်စု နောင်အန်ကျေးရွာတွင် နေထိုင်သော ရွာသား ၂ ဦးကို ညှဉ်းပမ်းနှိပ်စက်ခဲ့သည်။ နှိပ်စက်ခံရသူ ၂ဦးလုံးသည် အသက် ၆၀ကျော်ရှိပြီး ၁ဦးမှာ နားကောင်းစွာ မကြားသဖြင့် ပန်ဆေးပြည်သူ့ စစ် မေးမြန်းသည့်မေးခွန်းကို မဖြေနိုင်သဖြင့် ရိုက်ခံရခြင်းဖြစ်သည်။

၅) ဇန်နဝါရီလ ၃၀ ရက် ၂၀၁၉ ခုနှစ်တွင်မြန်မာ့တပ်မတော် တပ်မ ၈၈ မှ မိုးကုတ်မြို့နယ် ဝင်္ကပါကျေးရွာ အုပ်စု ဝင်္ကပါကျေးရွာမှ အတွင်းရေးမှူးကို ပုဒ်မ၁၇/၁ဖြင့် ဖမ်းဆီးပြီး မိုးကုတ်မြို့ အကျဉ်းထောင်ထဲတွင် ယနေ့ချိန်ထိ ချုပ်နှောင်ထားသည်။

၆) ဇန်နဝါရီလ ၂၉ရက်တွင် RCSS/SSAအဖွဲ့သည် နမ္မတူမြို့နယ် ချောင်းဆာအုပ်စု ပန်ကိုင်ရွာတွင် အစည်းဝေးခေါ်ယူကာ တစ်အိမ် ထောင်လျှင် ငွေကျပ် ၂သောင်းခွဲဖြင့် RCSSတပ်ဖွဲ့ထံ ဆပ်ကြေးပေး ဆောင်ရန် သက်ဆိုင်ရာ ကျေးရွာသူကြီး များထံတောင်းခံခဲ့သည်။

၇) ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ ၂၀၁၉ခုနှစ် အတွင်းတွင် တိုက်ပွဲကြောင့် နေရပ်စွန့်ခွါသည့် စစ်ရှောင် များဦးရေမှာ နမ့်လန်မြို့နယ်မှ ၇၆၇ဦး၊ နမ္မတူမြို့နယ်မှ ၃၂၀ဦး နှင့် ကျောက်မဲမြို့နယ်တွင် ၁၁၈၀ ဦး စုစုပေါင်း- ၂၂၆၇ဦး ရှိသည်။

၈) မတ်လပထမပတ်အတွင်း ကျောက်မဲနှင့်သီပေါမြို့ပေါ် သို့ စစ်ရှောင်ဦးရေပေါင်း ၁၇၈၁ဦး ခိုလှုံနေဆဲဖြစ်ပြီး မိတ်ဆွေအိမ်များသို့ ခိုလှုံသည့်စစ်ရှောင်များလည်းရှိသည်။ နမ္မတူမြို့နယ် မန်လီရွာတွင် မန်လီရွာသားနှင့်သီပေါပရဟိတအဖွဲ့ဝင် စုစုပေါင်း ၁၀ဦးမှာ စစ်ရှောင်ရင်းပျောက်ဆုံးနေဆဲ ဖြစ်ကြောင်းသိရ သည်။

အထက်ပါလူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်ပြီး တအာင်းကျောင်းသားနှင့်လူငယ်များအဖွဲ့၏ အထွေထွေအတွင်းရေးမှုးမှ “၄ လတာအပစ်အခက်ရပ်စဲထားမှုက အပေါ်ယံသဘောပဲဖြစ်တယ် တကယ့် လက်တွေ့မှာ စစ်အင်အားတိုးချဲ့ပြီး တိုက်နေကြတာပဲ သူတို့ရည်ရွယ်ချက်ကလည်း တရုတ်ရဲ့ စီမံကိန် One Belt One Road ကို အကောင်အထည်ဖော်နိုင်အောင် ဟန်ပြရပ်ဆိုင်း ထားတယ်ဆိုတာလည်း သိတယ်။ ဒါကြောင့် လက်တွေ့မှာတိုက်ပွဲတွေကော လူ့အခွင့်အရေးချိုးဖောက်မှုတွေပါ ဆက်တိုက်ဖြစ်နေတယ်။ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေကလည်း ဒေသခံပြည်သူဆီက ငွေကြေးကောက်တယ်၊ ဒါကိုကြည့် မယ်ဆိုရင် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီအဖွဲ့က လက်မှတ်ထိုးထားတဲ့အဖွဲ့အပေါ်မှာ ထိရောက်တဲ့ အရေးယူမှုမရှိဘူးလို့ မြင်ပါတယ်”ဟုပြောသည်။

အပစ်ခတ်ရပ်စဲရန်ကြေငြာထားသည့် ၄လတာကာလအတွင်းတွင် တပ်စခန်းများတိုးချဲ့မှုကိုဖြုတ်သိမ်း ပေးခြင်းနှင့် ထိုးစစ်ဆင်တိုက်ပွဲများရပ်တန့်ခြင်းဖြင့် တစ်ကယ့်လက်တွေ့ကျမည့် ငြိမ်းရေးဆွေးနွေးမှုများ အပြုသဘောဆောင်မှုကိုပြသရန် အချိန်ဖြစ်ပါသည်။ ဒေသခံပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်နေမှု များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများအမြန်ဆုံးရပ်တန့်ရန်နှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့်လည်း စာချုပ်ပါ စည်းမျဉ်း စည်းကမ်းများကို လိုက်နာကျင့်သုံးရန် လိုအပ်သည်။အထက်ပါ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် တပ်စခန်းသစ်တိုးချဲ့မှုကို ဖြေရှင်းရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည်တာဝန်အရှိဆုံးဖြစ်သည်။ ဆက်လက်ဖြစ်ပွားနေသည့် တိုက်ပွဲနှင့် ပါတ်သက်၍ အပစ်ခတ် ရပ်စဲရေးသဘောတူစာချုပ်ချုပ်ဆိုထားသော RCSS/SSAအနေဖြင့် လေးစား လိုက်နာရန်နှင့် တာဝန်ယူ ဖြေရှင်မှုများဆောင်ရွက်ပေးရန်၊ မြောက်ပိုင်းမဟာမိတ်အဖွဲ့သည်လည်း တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြား ဖြစ်ပွါးနေသည့်တိုက်ပွဲများရပ်တန့်ရန်၊ လူ့အခွင့်အရေးချိုးဖောက်မှု ရပ်တန့်ရန်နှင့် စစ်ရှောင်များနေရပ်ပြန်နိုင်ရန်တာဝန်ရှိသည့်အတွက် အမြန်ဆုံး ညှိနှိုင်းဆောင်ရွက်ရန် တအာင်းအမျိုးသမီး အဖွဲ့အစည်းနှင့် တအာင်းကျောင်းသားနှင့် လူငယ်များ အဖွဲ့တို့မှ တိုက်တွန်းလိုက်သည်။

ဆက်သွယ်ရန်
ဝ၉-၂၅၈၈၈၀၅၂၃၊ ဝ၉-၂၅၆၁၂၈၅၈၂၊ ဝ၉-၂၅၇၇၂၆၇၁၃၊ ဝ၉-၂၆၄၁၆၂၂၂၉