RCSS/SSA မှ သီပေါမြို့နယ်ရှိ ဒေသခံများထံ အခွန်ကောက်

မေလ ၁၅ ရက်နေ့၊ ၂၀၁၉ ခုနှစ်

RCSS/SSA တပ်ဖွဲ့မှ လွန်ခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက် ၂၀၁၈ ခုနှစ်မှ စ၍ သီပေါမြို့နယ် အုံမုကျေးရွာ အုပ်စု အတွင်းရှိ မန်လွယ်၊ ပန်ခါးနှင့် ထန်စန့်ကျေးရွာများထံသို့ ဆန် အိတ်များ တောင်းခံခဲ့သည်ဟု သိရသည်။

၄င်းတပ်ဖွဲ့တို့တောင်းဆိုသည့် ဆန်အိတ်များကို ပန်ခါးကျေးရွာမှ ၆ အိတ်၊ မန်လွယ်ကျေးရွာမှ ၁၂ အိတ်များကို ကျေးရွာအလိုက်ရှိ လူကြီးများမှ စုဆောင်းကာ RCSS/SSA တပ်စခန်းရှိရာသို့ ဖေဖော်ဝါရီလ ၂၁ ရက် ၂၀၁၉ ခုနှစ်တွင် သွားရောက်ပို့ဆောင်ခဲ့ရသည်။

အမည်မဖော်လိုသူ သီပေါနယ်ခံတစ်ဦးမှ “ ရွာအလိုက် ဆန်အိတ်တွေတောင်းတယ်၊ ရွာလူကြီးကနေ တစ်ဆင့်တောင်းတယ်၊ ဒါက ပထမအကြိမ်တောင်းခြင်း ဖြစ်တယ်၊ သို့ပေမဲ့ နောက်နောင်လည်း ထပ်တောင်းဖို့ရှိတယ်လို့ RCSS က ရွာသားတွေကို ပြောထားတယ်” ဟု ပြောပြသည်။

လက်ရှိတွင် ဒေသခံများသည် အလုပ်ခွင်ထဲသို့ ပုံမှန်မသွားရဘဲ မိသားစု စားဝတ်နေရေး အဆင်မပြေ ဖြစ်နေသည့် အချိန်တွင် RCSS/SSA တပ်ဖွဲ့ထံသို့ ဆန်ပေးနေရသည့်အတွက် အခက်အခဲ များစွာ ကြုံတွေ့နေရသည်။

“ ရွာသားတွေကို အလုပ်လည်း ပေးမလုပ်ဘူး၊ လက်ဖက်ခြံ၊ ပြောင်းဖူးခြံဆိုလည်း ပေးမသွားဘူး၊ ဆန်ထပ်တောင်းတော့ ကျနော်တို့ ဘာမှ စားစရာမရှိဘူး၊ မယ်သီလရှင်တွေ ဆွမ်းသုံးပြီး ပိုတဲ့ထမင်းတွေ အခြောက်ပြန်လှန်းထားတယ်၊ တစ်ချို့ရွာသားတွေက ဆန်မဝယ်စားနိုင်လို့ အဲဒီဆန်အခြောက်ကို ခြောက်ပြည် တစ်ထောင်နဲ့ ဝယ်စားရတယ်၊ အဲဒီ ဆန်အခြောက်ကို ရေနွေးနဲ့ ပြန်ပြုတ်ပြီး ချက်စားရတယ် “ ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းထံသို့ ရင်ဖွင့်သည်။

RCSS/SSA တပ်ဖွဲ့မှ ထပ်မံ ကောက်ယူသွားမည်ဟု ပြောကြားခဲ့သည့်အတွက် ဒေသခံများမှ ဆန်အိတ် ထပ်မံ ကောက်ခံမည်ကို စိုးရိမ်နေကြသည်။

တအာင်းအမျိုးသမီးအဖွဲ့အစည်း