တအာင်းအမျိုးသမီးငယ်တစ်ဦးကိ်ု မြန်မာ့တပ်မတော် စစ်သား ၂ ဦးမှ မုဒိမ်းပြုကျင့်ခဲ့ပြီး တာဝန်ယူဖြေရှင်းပေးမှု မရှိသည့်အပေါ် တအာင်းအရပ်ဖက် အဖွဲ့အစည်းများ၏ ပူးတွဲ ထုတ်ပြန်ချက်
၁) တအာင်း(ပလောင်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ၂၀၁၉ ခုနှစ် မေလ (၁၀) ရက်နေ့ နေ့ခင်းပိုင်း ၁နာရီခွဲဝန်းကျင်တွင် လက်ဖက်ခူးနေသူ အသက် ၂၇ နှစ်အရွယ်လွေးစိန်(အမည်လွှဲ)ကို ပစ္စတို သေနတ် ကိုင်ဆောင်ထားသော အရပ်ဝတ် စစ်သား ၂ ဦးမှ အတင်းအဓမ္မ မုဒိမ်းပြုကျင့်ခဲ့သည်။ တပ်မ (၁၀၁) လက်အောက်ခံ တပ်ရင်း (၂၅၈)၊ တပ်ရင်း (၂၅၂) နှင့် တပ်ရင်း (၂၅၅)အဖွဲ့တို့သည် ရွာအနီးတွင် လှုပ်ရှား ခဲ့သော တပ်များဖြစ်ကြောင်း သိခဲ့ရသည်။
၂) အခင်းဖြစ်ပွားသည့်နေရာသည် လက်ဖက်ခြံ၏ တောင်ခြေတွင်ဖြစ်ပြီး တောင် ထိပ်ပိုင်းတွင် တပ်ရင်းတစ်ခု လှုပ်ရှားလျက်ရှိကြောင်း သက်သေများ၏ ပြောကြား ချက်အရ သိရှိရသည်။ အခင်းဖြစ်ပွားပြီးချိန်တွင် လွေးစိန်သည် ရွာသို့ပြန်ကာ ရွာလူကြီး ရပ်မိရပ်ဖများထံ အကြောင်းစုံရှင်းပြကာ တိုင်တန်းခဲ့ပါသည်။ ထိုမှတစ်ဆင့် စစ်ကြောင်းမှူး ရဲမင်းထံ အရေးယူပေးရန် တိုင်ကြားခဲ့သော်လည်း တပ်ရင်း ၂၅၈ သာ စစ်ဆေးပြီး ကျန်သည့် တပ်ရင်း ၂ ခုကို စစ်ဆေးခြင်း မရှိဟု သိရသည်။
၃) ထို့အပြင် ဖြစ်စဉ်နှင့် ပါတ်သက်၍ နမ့်ဆန်ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားရာ မှုခင်းဖြစ်သည့်နေရာသို့ ကွင်းဆင်းလေ့လာခြင်း၊ ဖြစ်စဉ်အသေးစိတ်ထွက်ဆိုစေခြင်း၊ အခြားသက်သေ ၂ဦး စစ်ဆေးခဲ့ခြင်း နှင့် ဆရာဝန်၏ဆေးစစ်ချက်စာ လက်ခံရရှိ ထားခြင်းစသည့် အထောက်အထားများရရှိထားသော်လည်း စခန်းမှူးမှ ကျူးလွန်သူ အမည်ကို မသိသောကြောင့် တရားရုံးသို့လွှဲ၍ မရကြောင်းသာ ပြောသဖြင့် အမှု ရှေ့ဆက်မတိုးဘဲ နှောင့်နှေး ကြန့်ကြာနေသည့်အပေါ် အထူးစိုးရိမ်မိသည်။
၄) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ပစ်ခတ်မှုရပ်စဲရေး အချိန်ကာလသက်တမ်း ထပ်မံ တိုးထားသော်လည်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေသည့်အပြင် တအာင်းအမျိုးသမီးငယ် လွေးစိန် (အမည်လွဲ)ကို အတင်းအဓမ္မမုဒိမ်းကျင့်သည့်အပေါ် ယခု တည်ဆောက်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အဟန့်အတားဖြစ်စေသည်ဟု သုံးသပ်သည်။
၅) အထက်ပါအကြောင်းအရာနှင့် ပါတ်သက်၍ ဤအမှုသည် နမ့်ဆန်မြို့တွင် လှုပ်ရှား နေသည့် မြန်မာ့တပ်မတော် စစ်ကြောင်း တပ်ရင်း ၃ရင်းမှ စစ်ကြောင်းမှူးများ အနေဖြင့် ကျူးလွန်သည့်တပ်သား ၂ဦးကို အမှန်တရားနှင့် တရားမျှတမှု ရရှိစေရေးအတွက် စုံစမ်းစစ်ဆေးခြင်းနှင့် အပြစ်ပေးအရေးယူခြင်းကို ခြွင်းချက်မရှိ အမြန်ဆုံး ပြုလုပ်ပေးရန်၊ နစ်နာသူအမျိုးသမီးမိသားစုအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုများ ရှိစေရန်နှင့်အတူ တရားဝင် တောင်းပန်ပြီး ပြန်လည်ကုစားမှု ပြုလုပ်ပေးရန် တအာင်း အရပ်ဖက်အဖွဲ့အစည်းများက တောင်းဆိုသည်။
၆) ထို့အပြင် အမှုဖြစ်စဉ်နှင့် ပတ်သက်၍ တိုင်ချက်လက်ခံရရှိသည့် နမ့်ဆန်မြို့နယ် ရဲစခန်းတွင်လည်း ပွင့်လင်းမြင်သာမှု ရှိပြီး အမှန်တရားပေါ်ပေါက်စေရန် ပြည်သူဘက်မှ ရပ်တည်ပြီး အမှုကို ခြွင်းချက်မရှိ အမြန်ဆုံး ဆောင်ရွက်ပေးပါရန် တောင်းဆိုသည်။
ဆက်သွယ်ရန် – ဝ၉ ၇၉၁၅၃၀၄၅၁၊ ဝ၉ ၂၅၈၃၈၅၇၂၈၊ ဝ၉-၂၅၇၇၂၆၇၁၃