မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ
ဇွန်လ ၂၁ ရက် ၂၀၁၉ ခုနှစ်တွင် တအာင်း(ပလောင်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဟိုချောင်းကျေးရွာတွင် နေထိုင်သော ဒေါ်နွဲ့ရီသည် လက်ဖက်ခူးရန် သူငယ်ချင်း (၆) ဦးနှင့်အတူ သွားနေစဉ် မိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီး ဒဏ်ရာရရှိကာ နမ့်ဆန်ဆေးရုံသို့ ဆေးကုသမှု ခံယူနေသည်ဟု သိရသည်။
ဒေသခံတစ်ဦးမှ “သူတို့တွေ လက်ဖက်ခူးဖို့ တောင်ရိုးဘုရားဘက်ကို သွားလိုက်တယ်၊ အဲဒီချိန်မှာ နွဲ့ရီက အပေါ့သွားဖို့ လမ်းဘေးတစ်နေရာမှာ သွားတဲ့အခါ မိုင်းထိပြီး ဒဏ်ရာတွေရတယ်၊ အခုဆေးရုံမှာ ရှိနေတယ်” ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းထံပြောသည်။
၄င်းမိုင်းသည် မည်သည့်လက်နက်ကိုင်တွင် အသုံးပြုသည့် မိုင်းဖြစ်သည်ကို မသိရပါ။
ထိုဒေသသည် မြန်မာ့တပ်မတော်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့ မေလတွင် နောက်ဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ဖူးသည့် နေရာဖြစ်သည်ဟု ဒေသခံထံမှ သိရသည်။