မြန်မာ့တပ်မတော် ဖမ်းဆီးသည့် ရွာသား ၁၀ ဦးအနက် ၆ ဦး ပြန်လွတ်လာ

မြန်မာ့တပ်မတော်မှ ကွတ်ခိုင်မြို့နယ် ဒေါင်နောကျေးရွာအုပ်စုရှိ ရွာသား ၁၀ ဦးကို ဇွန်လ ၁၉ ရက် ၂၀၁၉ ခုနှစ်တွင် ကွတ်ခိုင်တပ်စခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကာ စစ်ဆေးမေးမြန်းပြီး ထိန်းသိမ်းထားကြောင်း သိရသည်။

ဖြစ်စဉ်တွင် ကွတ်ခိုင်မြို့နယ် ဒေါင်နောအုပ်စု မန်ဂျတ်ကျေးရွာရှိ လူငယ် (၈) ဦးသည် ကာလန်ကျေးရွာဘက်တွင် မင်္ဂလာဆောင်ရှိသဖြင့် သွားရောက်ရန် ရွာမှ ထွက်လာပြီး လမ်းခုလတ်တစ်နေရာတွင် မြန်မာ့တပ်မတော်နှင့် ပတ်ပင်းတိုး၍ တားဆီးစစ်ဆေးခံရပြီးနောက် ကွတ်ခိုင်တပ်စခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည်ဟု သိရသည်။

တစ်ချိန်တည်းတွင် လုံကိန်ကျေးရွာရှိ ရွာသား ၂ ဦး ထပ်မံရောက်ရှိပြီး ထိုနည်းတူစွာ စစ်ဆေးမေးမြန်းခံရပြီးနောက် ကွတ်ခိုင်တပ်စခန်းသို့ ခေါ်ဆောင်သွားသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးမှ “ စုစုပေါင်း ဖမ်းခံရတာ ၁၀ ယောက်ရှိတယ်၊ ဒါပေမဲ့ စစဖမ်းခံရတဲ့ချိန်မှာ ၈ ယောက်က တစ်ဖွဲ့၊ ၂ ယောက်က တစ်ဖွဲ့ ဖြစ်တယ်၊ ဖမ်းခံရတဲ့ထဲမှာ အားလုံးနီးပါးက အသက် ၁၈ နှစ်အောက် လူပျိုလေးတွေဘဲ ဖြစ်တယ်” ဟုပြောသည်။

ဖမ်းဆီးခံရသည့် ရွာသား ၁၀ ဦးအနက် ၆ ဦးသည် ဇွန်လ ၂၁ ရက်နေ့ ညနေပိုင်းတွင် ပြန်လည်လွှတ်ပေးသော်လည်း ကျန်သည့် ၄ ဦးအား ယနေ့အချိန်ထိ ဆက်လက်ထိန်းချုပ်ထားသည်ဟု ဒေသခံမှ သိရသည်။

ထို့အပြင် ဇွန်လ ၂၁ ရက်နေ့တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ အပြန်အလှန် တိုက်ပွဲဖြစ်ပွားပြီးနောက် မြန်မာ့တပ်မတော်မှ ပန်လောကျေးရွာသားတစ်ဦးကို ထပ်မံ ဖမ်းဆီးခေါ်ဆောင်ပြီး ယနေ့ ဇွန်လ ၂၂ ရက်နေ့ မနက်ပိုင်းတွင် ပြန်လွှတ်ပေးသည်ဟု သိရသည်။

၄င်းရွာသားများကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် ပတ်သက်ဆွယ်နွယ်မှု ရှိသည်ဟု သံသယရှိ၍ ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း သိရသည်။

၄င်းမိုင်းသည် မည်သည့်လက်နက်ကိုင်တွင် အသုံးပြုသည့် မိုင်းဖြစ်သည်ကို မသိရပါ။
ထိုဒေသသည် မြန်မာ့တပ်မတော်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့ မေလတွင် နောက်ဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ဖူးသည့် နေရာဖြစ်သည်ဟု ဒေသခံထံမှ သိရသည်။