အပစ်ရပ်ကာလအတွင်း ဒေသခံ(၈၀) ကျော် လူ့အခွင့်အရေးချိုးဖောက်ခံနေရ

တအာင်းအမျိုးသမီးအဖွဲ့အစည်း၏ မှတ်တမ်းပြုစုချက်အရ အပစ်ခတ်ရပ်စဲရေးကာလ (၆) လအတွင်းတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များမှ တအာင်းလူထုအပေါ် ညှဉ်းပမ်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းနှင့် အခြားလူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်သည့် မြေမြှုပ်မိုင်းကြောင့် သေဆုံးခြင်း ဒဏ်ရာရရှိခြင်း၊ ဆက်ကြေးကောက်ယူခြင်း၊ သွားလာမှုကို ပိတ်ပင်ခြင်း စသဖြင့် ကျူးလွန်နေသည်။

ဇန်နဝါရီလမှ ဇွန်လ ၂၀၁၉ ခုနှစ် အထိ (၆) လအတွင်း မတရားဖမ်းဆီးချုပ်နှောင်ခံရသည့် ဒေသခံ (၃၀) ဦးအနက် (၁၁) ဦးသည် ယနေ့ချိန်ထိ ထောင်နှင့် အကျဉ်းချုပ် ချခံရခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခံရသူ ဒေသခံများ (၃၀) ဦး၊ သတ်ဖြတ်ခံရသူ (၃) ဦး၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသူ (၂) ဦး၊ မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရရှိသူ (၂၀) ဦးအနက် (၅) ဦး သေဆုံးခြင်း စုစုပေါင်း (၈၅) ဦးသည် လူ့အခွင့်အရေးချိုးဖောက်ခံရသူများ ဖြစ်သည်။

လူ့အခွင့်အရေးကျူးလွန်ချိုးဖောက်သူများသည် မြန်မာ့တပ်မတော် တပ်မ (၈၈-၉၉)၊ တိုင်းရင်းသား လက်နက်ကိုင်ဖြစ်သည့် RCSS/SSA၊ KIA, TNLA, SSPP/SSA နှင့် ပြည်သူ့စစ်အဖွဲ့များ ဖြစ်ပြီး မြန်မာ့တပ်မတော်နှင့် RCSS/SSA တပ်ဖွဲ့သည် အများဆုံး ကျူးလွန်သည့် တပ်ဖွဲ့ဖြစ်သည်။

လူ့အခွင့်အရေးချိုးဖောက်ခံရသည့် ဒေသများသည် သီပေါမြို့နယ်၊ မန်တုံမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဆန်မြို့နယ်၊ နမ္မတူမြို့နယ်နှင့် ကျောက်မဲမြို့နယ်များဖြစ်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၈ ခုနှစ်တွင် စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအားလုံးကို (၄) လသာ ရပ်ဆိုင်းထားမည်ဟု ထုတ်ပြန်ချက် တစ်စောင်ထုတ်ပြီး ဧပြီလ ၂၀၁၉ ခုနှစ်တွင် အချိန်ကာလ (၂) လ ထပ်မံတိုးချဲ့သော်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများစွာ ဆက်လက်ဖြစ်ပွားလျှက်ရှိသည်။

ဆက်သွယ်ရန် – ဝ၉ ၇၉၁၅၃၀၄၅၁