တောင်ပလို့ရွာခံ အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ဒဏ်ရာများစွာ ရရှိ
မနေ့ (၁၀) နာရီခန့်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ ကွမ်စလန်းအုပ်စု တောင်ပလို့ကျေးရွာ နေထိုင်သူ နန်းပေါင်းဟွမ်သည် ကျေးရွာမှ ကျောက်မဲသို့ သွားနေစဉ် မိုင်းနင်းမိပြီး ဒဏ်ရာရရှိကာ ကျောက်မဲဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု သိရသည်။
ဖြစ်စဉ်တွင် နန်းပေါင်းဟွမ်သည် သူငယ်ချင်းဖြစ်သူကို လားရှိုးသို့ သွားပို့ရန် ဆိုင်ကယ်ဖြင့် သွားနေစဉ် လမ်းတစ်ဝက် အရောက်တွင် ခဏနားပြီး အပေါသွားရာမှ မိုင်းနင်းမိကာ ခြေထောက် ၊ ဘယ်ဘက်လက်၊ နောက်ကျောတို့တွင် ဒဏ်ရာအသီးသီးရရှိခဲ့သည်။
ကာယကံရှင်ဖြစ်သူ နန်းပေါင်းဟွမ်မှ “ သူငယ်ချင်းကို လိုက်ပို့မလို့ တော့ဆန်နှင့် ကလောင်းဝန်ရွာ ကြားရောက်တဲ့အခါ အပေါ့သွားချင်လို့ လမ်းဘေးမှာ ဆိုင်ကယ်ရပ်ပြီး သွားတာ၊ ပြန်ထတဲ့အချိန် နင်းမိသွားတယ်၊ အစက လက်ပဲထိတယ်ထင်တာ၊ လမ်းမပေါ်တောင် လမ်းလျှောက် လာနိုင်သေးတယ်၊ ဆိုင်ကယ်နားရောက်မှ ခြေထောက်တွေလဲ သွေးတွေပဲ” ဟုပြောသည်။
တော့ဆန်ရွာသား၏ အကူအညီဖြင့် ပန်ဆန်ရွာသို့ ခေါ်လာပြီး ထိုမှတစ်ဆင့် မန်းလေးကား အကူအညီဖြင့် ကျောက်မဲဆေးရုံသို့ ပို့ဆောင်ပေးသည်ဟု သိရသည်။
လွန်ခဲ့သည့် အောက်တိုဘာလ ၂၀၁၉ တွင်လည်း တောင်ပလို့ ရွာသားနှစ်ဦး မိုင်းနင်းမိပြီး ဒဏ်ရာ အသီးသီးရရှိခဲ့သည်။ တောင်ပလို့ရွာတွင် မိုင်းကြောင့် ဒဏ်ရာရရှိသူ နန်းပေါင်းဟွမ် အပါအဝင် (၃)ဦး ရှိနေပြီဖြစ်သည်။