မိုင်းနင်းပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးကာ ကျောက်မဲဆေးရုံတွင် ဆေးကုသမှုခံယူနေရ
၁၉ ရက် ဇန်နဝါရီ ညနေ (၆)နာရီ အချိန်တွင် တအာင်း(ပလောင်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၊ ပန်နှီမ်းအုပ်စု၊ ပန်နှီမ်းကျေးရွာ နေထိုင်သူ မိုင်းအိုက်အိန်သည် နွားကျောင်းပြီး အပြန် ပန်နှီမ်းရွာနှင့် ပန်းပေါ်ရွာကြား လမ်းခုလတ် တစ်နေရာတွင် မိုင်းနင်းမိကာ ဒဏ်ရာ ပြင်းထန်စွာ ရရှိ၍ ကျောက်မဲဆေးရုံသို့ ယနေ့ချိန်ထိ ဆေးကုသမှု ခံယူနေရသည်ဟု သိရသည်။
ပန်နှီမ်းအုပ်စု ဒေသခံတစ်ဦးမှ “သူနွား သွားကျောင်းပြီး အပြန်လမ်းမှာပဲ နင်းမိသွားတာ၊ ကျနော်တို့ရွာနဲ့ ပန်ပေါ်ရွာကြားပေါ့၊ သူ့ဒဏ်ရာအခြေအနေအရ ကြည့်မယ်ဆိုရင် မိုင်းကတော့ တပ်မတော် ဘက်ကမိုင်းဖြစ်နိုင်တယ်၊ သူ့ညာခြေထောက် ဒူးခေါင်းအောက်ပိုင်း ကြေမွ သွားတယ်၊ တစ်ခြားနေရာတော့ ထိတယ် ဒဏ်ရာက သိပ်မပြင်းဘူး” ဟုပြောသည်။
မိုင်းအိုက်အိန် မိုင်းနင်းမိပြီးနောက်တွင် လမ်းမပေါ်သို့ ရောက်သည် အထိ တစ်ဦးတည်း ရုန်းကန်ပြီး တဖြေးဖြေးသွားရာ လက်ဖက်ခြံမှ ပြန်လာသည့် ရွာသားများနှင့် တွေ့ဆုံပြီး ၎င်းရွာသား များမှ ကျေးရွာသို့ သယ်ဆောင်လာခဲ့သည်။
ကျေးရွာ ဆေးပေးခန်းတွင် တစ်ညတာ ကုသမှု ခံယူပြီး ထိုမှ တစ်ဆင့် ၂၀ ရက်နေ့တွင် ကွမ်ဟယ်ရွာသားတစ်ဦး၏ ကား အကူအညီဖြင့် ကျောက်မဲဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ယနေ့အချိန်ထိ ဆေးကုသမှု ခံယူနေရသည်။