မြန်မာ့တပ်မတော်မှ ကျေးရွာအတွင်း လက်နက်ရမ်းပစ်မှုကြောင့် လူနေအိမ် အချို့ပျက်ဆီး

တအာင်း(ပလောင်)ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ နမ့်ဆန်မြို့နယ် အနောက်ကင်းအုပ်စု ဟိုလတ်ကျေးရွာတွင် မြန်မာ့တပ်မတော် တပ်မ (၈၈)မှ ၁၉ ရက် ဇန်နဝါရီလ နံနက် (၉) နာရီခန့် ရွာအတွင်း ဝင်ရောက်ပြီး လက်နက်ကြီး/ငယ် ရမ်းသမ်းပစ်ခတ်ပြီး လူနေအိမ် မွှေနှောက်ကာ ပစ္စည်းအချို့ ယူဆောင်သွားကြောင်း သိရသည်။

ဖြစ်စဉ်တွင် မြန်မာ့တပ်မတော် တပ်မ(၈၈) မှ တောင်ရိုးဘုရားမှ ဟိုလတ်ကျေးရွာသို့ ထွက်လာနေစဉ် ရွာအဝင် လမ်းခုလတ်တစ်နေရာတွင် မိုင်းပေါက်ကွဲမှု တစ်ခုဖြစ်ပွားမှုကြောင့် ရွာအတွင်းသို့ ဝင်လာပြီး လက်နက်ခဲယမ်းများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဦးဇင်းတစ်ပါး မျက်နှာ အနည်းငယ် ထိရှပြီး လူနေအိမ်အချို့၊ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းလည်း ထိခိုက်မှု ရှိခဲ့သည်။

ကျေးရွာဥက္ကဌဖြစ်သူ ဦးအိုက်ကုမ်းပြောပြချက်အရ “ အဲဒီနေ့ မနက်(၉)နာရီလောက်မှာ ဗမာစစ်သားတွေ ရွာထဲ ဝင်လာနေတဲ့အချိန် မိုင်းတစ်လုံး ပေါက်ကွဲတော့ သူတို့တွေ သေနတ် လျှောက်ပစ်နေတာ၊ အိမ်တချို့၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း အနည်းငယ်ထိတယ်၊ ဦးဇင်း မျက်နှာလည်း ဒဏ်ရာအနည်းငယ်ရတယ်၊ ရွာကလူတွေလည်း တော်တော်ထိတ်လန့်နေကြတယ်၊ ပြီးတော့ တချို့အိမ်တွေကို ဝင်မွှေပြီး ပစ္စည်းတွေ ယူသွားတယ်၊ အသေးစိတ်တော့ မသိရသေးဘူး” ဟုပြောသည်။

ထိခိုက်ပျက်ဆီးသည့် ဘုန်းကြီးကျောင်း၏ ခေါင်မိုးနှင့် ပြတင်းပေါက်များ ၊ စာသင်ကျောင်း အခြေအနေကို နမ့်ဆန်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးထံ သတင်းပေးပို့ထားသည်ဟု ဆက်ပြောသည်။

“ ဘာပဲဖြစ်ဖြစ် ငြိမ်းချမ်းရေး အမြန်ဆုံးရရင် ကျနော်တို့ဒေသအတွက် ပိုကောင်းပါတယ်၊ အခုဆိုရင် ငြိမ်းချမ်းမှုတွေ မရှိနေလို့ ဒေသခံတွေပဲ ဒုက္ခခံနေရတယ်၊ တိုက်ပွဲဖြစ်ပြီးဆိုရင် ဝမ်းစာရေးအတွက် အခက်အခဲဖြစ်နေပြီး ဘယ်မှ မသွားရဲ မလာရဲကြဘူး၊ ဘယ်အဖွဲ့ပဲဖြစ်ဖြစ် မိုင်းကို ရွာဘေးမှာမထောင်ဖို့ လက်နက်ကြီးတွေ အသုံးမပြုဖို့ ပြောချင်ပါတယ်၊ အထက်ကလူကြီးတွေကို အဓိကပြောချင်တာက ပြည်သူလူထု ခံစားနေရတဲ့ ပြသာနာကို ကြည့်ပြီး အပြန်အလှန် မေတ္တာထားပြီး ဆွေးနွေးပေးပါလို့ ပြောချင်ပါတယ်” ဟု ဦးအိုက်ကုမ်းမှ ကျေးရွာ ကိုယ်စားပြုအနေဖြင့် မေတ္တာရပ်ခံလိုက်ပါသည်။

၎င်းဟိုလတ်ကျေးရွာသည် လီဆူ၊ တအာင်း၊ တရုတ် စသည့် လူမျိုးပေါင်းစုံနေထိုင်ပြီး ယခင်တုန်းတွင် အိမ်ခြေ (၁၀၀) ကျော်ရှိခဲ့ပြီး တိုက်ပွဲမကြာခဏဖြစ်ပွားမှုကြောင့် ယခုတွင် အိမ်ခြေ (၆၀) ခန့်သာ ကျန်ရှိနေသည်ဟု ထပ်မံသိရသည်။