ကျေးရွာဥက္ကဌကို မြန်မာ့ တပ်မတော်မှ ရိုက်နှက်ပြီး ရွာသား(၅)ဦးကို ပေါ်တာအဖြစ် ခေါ်ဆောင်

ယနေ့ မနက် (၈) နာရီခွဲခန့်တွင် တအာင်း(ပလောင်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပိန်းလုံကျေးရွာ ဥက္ကဌကို မြန်မာ့တပ်မတော် တပ်မ(၈၈)တို့မှ ညှဉ်းပမ်းနှိပ်စက်သည့်အပြင် ရွာသား(၅)ဦးကို စစ်ဆေးမေးမြန်းကာ ပေါ်တာအဖြစ် ခေါ်ဆောင်သွားပြီး ညနေ ၂ နာရီခွဲ ကျော်ခန့်တွင် ပြန်လွှတ်ပေးသည်ဟု သိရသည်။

ပိန်းလုံကျေးရွာ ဒေသခံတစ်ဦးပြောပြချက်အရ“ ဖြစ်တဲ့အချိန်မှာ (၈) နာရီခွဲလောက်ပေါ့ ကျောင်းသူ/သားတွေကျောင်းသွားနေတဲ့အချိန်မှာ စာသင်ကျောင်းနဲ့ သိပ်မလှမ်းဘူး မိုင်းတစ်လုံးပေါက်ကွဲသွားလို့ ဗမာစစ်သားတွေက ရွာထဲဝင်လာပြီး ရွာထဲရှိ အိမ်မွေး တိရိစ္ဆာန်တွေကို သေနတ်နဲ့ လျှောက်ပစ်တော့ ကျောင်းသူ/သားတွေလဲကြောက်ကြတယ်၊ ငိုတဲ့လူကလဲငိုနေကြတယ်၊ ပြီးတော့ စစ်သားတွေက ရွာဥက္ကဌကို လာရိုက်တယ်၊ ရိုက်ပြီးတော့ ရွာဥက္ကဌအပါ နောက်ထပ်ရွာသား (၅)ယောက်ကို လမ်းပြဖို့ ပြန်ခေါ်သွားတယ်” ဟုပြောသည်။

ခေါ်ဆောင်ခံခဲ့ရသူများမှာ ကျေးရွာဥက္ကဌဖြစ်သူ ဦးအိုက်ဘာအပြင် ကျေးရွာသားများဖြစ်သည့် မိုင်းအိုက်မာဝ်၊ မိုင်းအိုက်ဟုန်း၊ မိုင်းအိုက်ထွန်း၊ မိုင်းဇော်ငြိမ်းနှင့် မိုင်းကေအုန်းတို့ ဖြစ်ကြသည်။

ရိုက်ခံရသော ကျေးရွာဥက္ကဌပြောပြချက်အရ“ ကျနော်မြို့ပြန်မလို့ လုပ်နေတဲ့အချိန်မှာ ဗမာစစ်သားတွေက ဒေါသတကြီးနဲ့ ရောက်လာတယ်၊ ကျနော်ကိုခေါ်ပြီး TNLAအကြောင်း မေးတော့ ကျနော်မသိဘူး ပြန်ဖြေတဲ့အခါမှာ စစ်သားတစ်ယောက်က ကျနော့် ခေါင်း၊ မျက်နှာ၊ ဗိုက် တွေကို သေနတ်နဲ့ထုတယ်၊ ခြေထောက်နဲ့ကန်တယ်၊ ညာဘက်နားရွက်ကို ရိုက်တယ်၊ အခုတောင် နားအူးနေတယ်၊ ကောင်းကောင်းမကြားရဘူး၊ နောက်စစ်သားတစ်ယောက်က လည်ပင်းကို ဖြတ်ပစ်မယ်လို့ ပြောတယ်၊ ပြီးတော့ မဖြေတတ်ရင် ကျနော်တို့နဲ့ လိုက်ခဲ့လို့ ပြောတော့ လိုက်သွားပေးရတယ်၊ ကျနော်အပြင် ရွာလယ်မှာ ရှိတဲ့ ရွာသား ငါးယောက်နဲ့ ခေါ်သွားတယ်၊ တအာင်းစစ်သားတွေလဲ ရွာထဲမှာ တကယ်မရှိဘူးလေ”ဟုပြောသည်။

ပေါ်တာအဖြစ်လိုက်သွားသည့် ရွာသားများကို စစ်သားတစ်ဦးချင်းစီ ခြားပြီး သွားခိုင်းသည့်အပြင် ပစ္စည်းများကိုလည်း ထမ်းခိုင်းသည်ဟု သိရသည်။

ရိုက်နှက်ခံရသည့် ကျေးရွာဥက္ကဌဖြစ်သူမှ နောက်နောင် ဒီလိုဖြစ်စဉ်မျိုးမဖြစ်ပေါ်စေရန်၊ မိုင်းထောင်တဲ့လူတွေလဲ ကျေးရွာဘေးတွင် မထောင်ရန်၊ မြန်မာ့တပ်မတော်ဘက်လည်း အပြစ်မဲ့ရွာသားနှင့် ဥက္ကဌကို အကြောင်းမဲ့ ဖမ်းဆီးမရိုက်ရန်၊ ပြည်သူများကို ဓားစားခံအဖြစ် မပြုလုပ်ရန်နှင့် ဖြစ်ပျက်သွားသည့် ကိစ္စများကိုလည်း တာ၀န်ရှိ ပုဂ္ဂိုလ်များမှ တာ၀န်ယူ ဖြေရှင်း ပေးရန် တောင်းဆိုလိုက်ပါသည်။