မိုင်းနင်းမိပြီး ရွာသားနှစ်ဦးဒဏ်ရာရရှိကာ ဆေးကုသမှုခံယူနေရ
၆ ရက် ဇန်နဝါရီလ ၂၀၂၀ ခုနှစ် ညနေ(၅) နာရီခွဲဝန်းကျင်ခန့်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကွမ်းစလန်းအုပ်စု ပန်လော့ကျေးရွာသားနှစ်ဦးဖြစ်သူ မိုင်းအိုက်လူနှင့် မိုင်းအိုက်ဟိန်းတို့သည် မိုင်းငေါ့မြို့နယ်ခွဲမှ အပြန်လမ်းတွင် မိုင်းနင်းမိပြီး ဒဏ်ရာအသီးသီးရရှိကာ လားရှိုးဆေးရုံနှင့် ကျောက်မဲဆေးရုံသို့ ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။
ကာယကံရှင်ဖြစ်သူ မိုင်းအိုက်လူပြောပြချက်အရ“ ကျနော်နဲ့ ကျနော့် သူငယ်ချင်းက မိုင်းငေါ့ဈေးမှာ လက်ဖက်ခြံရမ်းတဲ့စက် သွားဝယ်ပြီး အပြန် နမ့်တွေရွာအောက်နားရောက်တဲ့အခါမှာ ဆိုင်ကယ်နဲ့ မိုင်း သွားတိုက်မိတယ်၊ လမ်းမှာ ဘယ်သူမှလဲ မရှိဘူး၊ ကျနော်တို့နှစ်ယောက်ပဲ တစ်ယောက်နဲ့ တစ်ယောက် တွဲပြီးလမ်းလျှောက်လိုက် ထိုင်လိုက်လုပ်နေရတယ်၊ ည(၇) နာရီလောက်ရောက်တဲ့အချိန်မှာ တအာင်းစစ်သားဘက်က ဆေးဆရာဝန်က ကျနော်တို့ နှစ်ယောက်ကို လာတွေ့လို့ နမ့်တွေရွာကို ခေါ်သွားတယ်၊ ဆေးတွေထည့် ပေးတယ်၊ ပတ်တီးစီးပေးခဲ့တယ်” ဟုပြောသည်။
မိုင်းထိလူနာနှစ်ဦးသည် ကျောက်မဲမြို့ အိုမ်တမာဝ်လူမှုကူညီရေးအသင်း၏ အကူအညီဖြင့် ဆေးရုံတွင် ဆေးကုသမှု ခံယူနိုင်သည်ဟု သိရသည်။
အသက် (၃၂)ရှိ မိုင်းအိုက်လူသည် ဘယ်ဘက်ပေါင်တံတွင်လည်းကောင်း၊ ခါးရိုးတွင်လည်းကောင်း၊ ညာဘက်လက် တံတောင်ဆစ်တွင်လည်းကောင်း ဒဏ်ရာပြင်းထန်သောကြောင့် ၇ ရက်နေ့တွင် ကျောက်မဲဆေးရုံမှ လားရှိုးဆေးရုံသို့ လွှဲပြောင်းကုသမှုခံယူပြီး အသက်(၂၆) ရှိ မိုင်းအိုက်ဟိန်းသည်လည်း ခြေသလုံးနှစ်ဖက်စလုံးတွင် ဒဏ်ရာရရှိကာ ကျောက်မဲဆေးရုံတွင် ဆေးကုသမှု ခံယူနေရဆဲ ဖြစ်သည်။
မိုင်းပေါက်ကွဲသည့်နေရာသည် မြန်မာ့တပ်မတော်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတို့ အမြဲတမ်း သွားလာလှုပ်ရှားသည့် နေရာဖြစ်သည်ဟုလည်း ထပ်မံသိရသည်။