တအာင်းဒေသတွင် သံဃာတော်အပါအဝင် ဒေသခံများ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ပိုမိုမြင့်တက်လာ

ရှမ်းပြည်မြောက်ပိုင်း တအာင်းဒေသတွင် အောက်တိုဘာမှ ဒီဇင်ဘာအထိ (၃) လအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရသည့် ဒေသခံ (၁၀၀) ကျော် အထိမြင့်တက်လာပြီး မိုင်းအသုံးပြုမှုကြောင့် သေဆုံး ဒဏ်ရာရရှိသူလည်း များပြားလာသည်။

တိုက်ပွဲဖြစ်ပွားသည့်အချိန်သော်လည်းကောင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အချိန်သော်လည်းကောင်း လက်နက်ကြီး အသုံးပြုပြီး အရပ်သားပြည်သူလူထုနေထိုင်သည့် ကျေးရွာအတွင်း ဦးတည် ပစ်ခတ်ခြင်းနှင့် မိုင်းအသုံးပြုမှုကြောင့် ဒေသခံများ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း၊ဒေသခံများကို မတရားဖမ်းဆီး ချုပ်နှောင်ခြင်း၊ ဓားစာခံအဖြစ် အသုံးပြုခြင်းနှင့် လမ်းပြအဖြစ် ခေါ်ဆောင်သွားခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခံရခြင်း၊ လူနေအိမ်နှင့် ပစ္စည်းများ သိမ်းယူဖျက်ဆီးခံရခြင်း စသဖြင့် အမျိုးမျိုး ကျူးလွန်ခံခဲ့ရသည်။

လက်နက်ကြီး ပစ်ခတ်ခြင်းနှင့် မိုင်းအသုံးပြုမှုကြောင့် ဒေသခံ (၄) ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ သံဃာတော် (၃) ပါး ဒေသခံ (၂၆) ဦး၊ လမ်းပြ (သို့) ကာဗာအဖြစ် ခေါ်ဆောင်ခံရသူ (၆၈) ဦး၊ ဖမ်းဆီးခံရပြီး ယနေ့အချိန်ထိ လွတ်မြောက်လာခြင်း မရှိသူ (၅) ဦးနှင့် ပြန်လွှတ်လာသူ (၁၃) ဦး၊ ညှဉ်းပမ်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခံရခြင်းမှာ သံဃာတော် (၂) ပါး ဒေသခံ (၂) ဦး စုစုပေါင်း (၁၂၃) ဦးအထိ ရှိလာခဲ့သည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားခြင်းနှင့် စစ်အင်အားတိုးချဲ့မှုကြောင့် ဒေသခံပြည်သူလူထုများ ထွက်ပြေး တိမ်းရှောင်နေစဉ် နေအိမ်များ ဝင်ရောက်ဖျက်ဆီးပြီး ပစ္စည်းများသိမ်းယူခြင်းနှင့် နေအိမ်များ ပျက်ဆီး ဆုံးရှုံးခြင်း စသဖြင့် ကျူးလွန်ခံခဲ့ရသည်။

လူ့အခွင့်အရေးချိုးဖောက်ခံရသည့် မြို့နယ်များမှာ ကွတ်ခိုင်၊ နမ့်ဆန်၊ ကျောက်မဲနှင့် သီပေါမြို့နယ်တွင် အဖြစ်များဆုံးဖြစ်ပြီး အခြားမြို့နယ်ဖြစ်သည့် နမ့်ခမ်း၊ နမ္မတူ၊ မန်တုံမြို့တွင်လည်း အနည်းအကျဉ်းရှိခဲ့သည်။ ၎င်းလူ့အခွင့်အရေးချိုးဖောက်နေသူများမှာ မြန်မာ့တပ်မတော် အများဆုံးဖြစ်ပြီး အခြားတိုင်းရင်းသား လက်နက်ကိုင် အချို့လည်းပါဝင်သည်။

အထက်ပါ လူ့အခွင့်အရေးချိုးဖောက်မှုများရှိခြင်းနှင့် မိုင်းမကြာခဏပေါက်ကွဲခြင်းကြောင့် ဒေသခံများအတွက် လုံခြုံမှုကင်းမဲ့ပြီး လ္ဘက်ခြံ၊ တောင်ယာ၊ လယ်တော စသည့်လုပ်ငန်းခွင်သို့ မသွားရဲခြင်း၊ စားဝတ်နေရေး ကြပ်တည်းမှု ရင်ဆိုင်နေရခြင်း၊ ကလေးသူငယ်များ ပညာရေးထိခိုက်လာခြင်း စသဖြင့် ကြုံတွေ့နေရသည်။