လမ်းပြအဖြစ် ခေါ်သွားရာမှ မိုင်းပေါက်ကွဲပြီး ရွာသားတစ်ဦး ဒဏ်ရာရ

၂၈ ရက် ဒီဇင်ဘာလ ၂၀၁၉ ခုနှစ်တွင် ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ ရပ်ကွက်(၈) နေ ရွာသား (၃) ဦးကို နမ္မတူအခြေစိုက် မြန်မာ့တပ်မတော် တပ်ရင်း (၃၂၄) မှ လမ်းပြအဖြစ် ခေါ်ဆောင်သွားရာ စစ်သားတစ်ဦးမှ ပန်လော့ကျေးရွာထိပ်တွင် မိုင်းနင်းမိပြီး မိုင်းပေါက်ကွဲ ရွာသားတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

လမ်းပြအဖြစ်ခေါ်ဆောင်ခံရသည့် ရွာသား ၃ ဦးမှာ တာပူငွေ၊ မိုင်းအိုက်ပူးနှင့် မိုင်းအိုက်မော င်တို့ ဖြစ်ပြီး ၎င်းတို့ကို တောင်ယာနှင့် လမ်းခုလတ်တွင် ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်သည်။

ဒဏ်ရာရရှိသူ တာပူငွေပြောပြချက်အရ “ ကျနော်တို့က တောင်ယာလုပ်ဖို့ တောမှာ သွားအိပ်ကြတယ်၊ (၆)အိမ်လောက်ရှိတယ်၊ ဗမာစစ်သားတွေ ရောက်လာပြီးတော့ ကျနော်တို့ကို လာခေါ်တယ်၊ သူတို့ကို လိုက်ပို့ပေးဖို့၊ ကျနော်တို့လဲ သွားရတာပေါ့၊ ပန်လော့ရွာထိပ်ရောက်တဲ့ အခါမှာ မိုင်းပေါက်ကွဲသွားတယ်၊ ကျနော်နဲ့ စစ်သား(၅)ယောက်ထိသွားတယ်၊ ကျနော် ပေါင်ထိထားတယ်” ဟုပြောသည်။

တာပူငွေသည် နမ္မတူဆေးရုံမှ တစ်ဆင့် လားရှိူး ပြည်သူ့ဆေးရုံတွင် (၃) ရက်ကြာ ဆေးကုသမှု ခံယူနေရသည်ဟု ထပ်မံသိရသည်။

မိုင်းအိုက်ပူးသည် နမ္မတူမှ ပန်းစံရွာသို့ ငရုပ်သီးဝယ်ရန် သွားရာ နမ္မတူနှင့်ပန်းစံရွာကြား တောစပ်တစ်နေရာအရောက် မြန်မာ့တပ်မတော်မှ ဖမ်းဆီးထားပြီး နောက်တစ်နေ့တွင် ၎င်းတို့နှင့်အတူ လမ်းပြအဖြစ် ပြန်လည်ခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။

“ ကျနော်က ပန်းစံရွာကို ငရုပ်သီးဝယ်ဖို့သွားတာ၊ လမ်းမှာရောက်တော့ ဗမာစစ်သားတွေက ကျနော်ကို ထောက်လှန်းရေးလားမေးတယ်၊ ကျနော်ကမဟုတ်ဘူး၊ သာမန်ရွာသားပါ၊ ငရုပ်သီးသွားဝယ်မလို့ပြောတယ်၊ အဲ့ဒါကို သူတို့က မယုံဘူး၊ ကျနော်ကို ကြိုးနဲ့ တစ်ညလုံး ချည်ထားလိုက်တယ်၊ နောက်တစ်နေ့ (၉)နာရီခွဲလောက်မှ ကျနော်ကို ကြိုးဖြည်ပေးတယ်၊ သူတို့ခရီးဆက်ဖို့ ကျနော်တို့ကို လမ်းရှင်းခိုင်းတယ်၊ ပန်းလော့ရွာထိပ်ရောက်တော့၊ မိုင်းပေါက်ကွဲသွားတာ၊ ကျနော်ဦးလေးနဲ့ သူတို့တပ်သား (၅)ယောက်ထိသွားတယ်”ဟု မိုင်းအိုက်ပူးမှ ပြောသည်။

ကျေးရွာထဲ လုပ်ကိုင်စားသောက်နေကြသော ရွာသားများကို ဓားစားခံ မလုပ်ရန်နှင့် လူသွားလမ်းဖြစ်သည့်နေရာများကို မိုင်းထောင်ထားခြင်း မပြုလုပ်ရန် မိုင်းအိုက်ပူးမှ သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ မေတ္တာရပ်ခံပါသည်။ မိုင်းပေါက်ကွဲသည့် နေရာသည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် လှုပ်ရှားသည့် နေရာဖြစ်သည်ဟု ၎င်းတို့မှ ဆက်လက်ပြောကြားသည်။