ကောင်းခါးပြည်သူ့စစ်များမှ ရွာသား ၁၀ ဦးကို တပ်စခန်းတွင် ဖမ်းဆီးချုပ်နှောင်

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဒီဇင်ဘာလ ၁၀ ရက် မနက် ၉ နာရီအချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင် ကန်မိန်းမြို့နယ် ပန်ထိုလင်အုပ်စု နားနော့ကျေးရွာတွင် ကောင်းခါးပြည်သူ့စစ်များမှ အစိုးရခန့်အပ်ထားသည့် ကျန်းမာရေးဝန်ထမ်း(ခ)ကျေးရွာသူကြီးဖြစ်သူ အပါအဝင် ဒေသခံ ၁၀ ဦးကို မနေ့က ဖမ်းဆီးချုပ်နှောင်ခဲ့ပါသည်။

ဖြစ်စဉ်မှာ နားနော့ဒေသခံများသည် ကောင်းခါးပြည်သူ့စစ်အချို့မှ မူးယစ်ဆေးဝါးသုံးစွဲနေပြီး ဘိန်းစားများ ဖြစ်ကြသည်ဟု အချင်းချင်းကြားတွင် ပြောဆိုသောကြောင့် ၎င်းပြည်သူ့စစ်အဖွဲ့ဝင်များမှ ဒီဇင်ဘာ ၉ ရက်နေ့တကည်းက သေနတ်ဖြင့် ချိန်ရွယ်ကာ လာရောက်ခြိမ်းခြောက်ပြီး တစ်အိမ်လျှင် ကျပ် ၁ သိန်း ပေးရမည်ဟု အမိန့်ပေးပြီး ပြန်သွားခဲ့သည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ဒုတိယအကြိမ် ကျေးရွာသို့ ပြန်လာပြီး တစ်ရွာလုံးနီးပါးရှိ ဒေသခံများကို ၎င်းတို့ တပ်စခန်းသို့ ခေါ်သွားကာ “ပြည်သူ့စစ်တွေ ဘိန်းစားဖြစ်ကြောင်း” ပြောဆိုသူများ ဖော်ထုတ်ရာ အဖြေမှန်မရသည့်အတွက် ဒေါသထွက်ပြီး ရွာသား (၁၀) ဦးကို နိုင်လွန်ကြိုးဖြင့် ချည်နှောင်ကာ တစ်ချို့ကို ခြောက်ပေါက်တွင် ခြေထောက်ခတ်ထားခဲ့သည်။

နားနော့ဒေသခံတစ်ဦးမှ “ ပြည်သူ့စစ်တွေက ဘိန်းစားကြတယ်လို့ ရွာသားတွေပြောတာကို သူတို့ဘိန်းစားတာ ပြောရကောင်းလားဆိုပြီး မကျေနပ်လို့ ရွာသားတွေကို လာခြိမ်းခြောက်ပြီး ဖမ်းသွားတာ၊ အစိုးရဝန်ထမ်း ဆေးခန်းဆရာမကိုလည်း ခြောက်ပေါက်ထဲထည့်ထားတယ် ” ဟု ပြောသည်။

ဖမ်းဆီးချုပ်နှောင်ခံရသူများမှာ ကျန်းမာရေးဝန်ထမ်း အေးကုမ်း အသက်(၂၉) နှစ်၊ ဦးလုံဆမ် အသက်(၆၈)နှစ်၊ ဦးပေါ်လာ(၅၇)နှစ်၊ ဦးပေါ်မွန်း အသက် (၅၀)နှစ် ၊ မိုင်းအဆိုင်း အသက် (၂၈) နှစ်၊ မာအောင်ဆာ အသက်(၅၅) နှစ်၊ လွေးအေးစု အသက်(၁၆) နှစ်၊ ဒေါ်အေးနွေး အသက်(၃၇) နှစ်၊ မအေးအွယ် အသက် (၂၅) နှစ် နှင့် ဦးအိုက်ပု အသက် (၇၀) နှစ်တို့ ဖြစ်ကြသည်။

ချုပ်နှောင်ခံရသည့် ရွာသားများ ပြန်လွှတ်ပေးရန် အုပ်စု ဥက္ကဌမှ တောင်းဆိုသဖြင့် ညနေ ၃ နာရီခန့်တွင် ပြန်လွှတ်ပေးခဲ့သော်လည်း ကျန်းမာရေးဝန်ထမ်း ဆရာမအား ရွာသူကြီးရာထူးမှ ဖြုတ်ချရန်အတွက် ရွာသားများကို အတင်းအဓမ္မလက်မှတ်ထိုးခိုင်းခဲ့ပြီး နောက်တစ်ဦး အစားထိုးခန့်အပ်ခဲ့သည်။