လူငယ်နှစ်ဦးကို မြန်မာ့တပ်မတော်မှ ယနေ့ချိန်ထိ ဖမ်းဆီးချုပ်နှောင်

မြန်မာ့တပ်မတော်မှ ကွတ်ခိုင်မြို့နယ် ဖက်ယိုင်အုပ်စု မန်အောင်စုစည်းကျေးရွာနေ အသက် (၁၅) နှစ်နှင့် (၁၇) နှစ်ရှိ လူငယ်နှစ်ဦးကို အောက်တိုဘာလ ၉ ရက် ၂၀၁၉ ခုနှစ်တွင် ဖမ်းဆီးပြီး ယနေ့အချိန် ကွတ်ခိုင်ဗျူဟာစခန်းတွင် ချုပ်နှောင်ထားသည်ဟု သိရသည်။

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် မန်အောင်စုစည်းနေ လူငယ်နှစ်ဦးသည် ကွတ်ခိုင်ဈေးသွားပြီး အပြန် အေးရှားဝေါလ်ဂိတ်အကျော်တွင် အရပ်ဝတ်ဖြင့် မြန်မာ့တပ်မတော် နှစ်ဦးမှ ဖမ်းဆီးလိုက်ပြီး ယနေ့အထိ မိသားစုနှင့် အဆက်အသွယ်ပျက်နေသည်။

ကျေးရွာဥက္ကဌဖြစ်သူ တားနော,ဇား ပြောပြချက်အရ“ အဲ့နေ့မှာ ကွတ်ခိုင်ဈေးနေ့ဖြစ်တယ်၊ သူတို့ နှစ်ယောက် ဈေးသွားပြီး အပြန်လမ်းမှာ ဖမ်းခံရတယ်၊ သူတို့နှစ်ယောက်က သာမန်ရွာသားပဲ ဖြစ်တယ်၊ စစ်သားမဟုတ်ဘူး ဒါပေမဲ့ တပ်ထဲမှာတော့ တအာင်းစစ်သားဖြစ်ကြောင်း ဝန်ခံလိုက်ပြီလို့ ကြားရတယ်၊ ကျတော့်အထင်တော့ အတင်းအဓမ္မပြောခိုင်းလို့ဖြစ်မယ်၊ အသက်လည်း ငယ်သေးတော့ ကြောက်တာလည်း ဖြစ်မယ်” ဟုပြောသည်။

ဖမ်းဆီးချုပ်နှောင်ခံရသည့် လူငယ်နှစ်ဦးသည် အသက် (၁၈) နှစ်အောက် မိုင်းမောင်ဆွေနှင့် မိုင်းအောင်ထွန်းဖြစ်ပြီး မိသားစုအပါအဝင် မည်သူမျှ တွေ့ခွင့်မရသေးကြောင်း ဥက္ကဌမှ ဆက်ပြောသည်။

မိုင်းမောင်ဆွေ၏ မိခင်ဖြစ်သူမှ “ ကျမသားနဲ့ သူ့သူငယ်ချင်းက ကွတ်ခိုင်ဟင်းဈေး သွားပြီး အပြန်လမ်းမှာ ဗမာစစ်သားတွေ လာဖမ်းသွားတယ်၊ ဒီနေ့ထိ တပ်စခန်းမှာပဲ ချုပ်ထားတယ်၊ ကျမတို့ကို တွေ့ခွင့်မပေးဘူး၊ သူတို့နှစ်ယောက်ကို တအာင်းစစ်သားလုပ်တယ်ဆိုပြီး ဖမ်းထားတာ၊ သူတို့နှစ်ယောက်က စစ်သားလဲမဟုတ်ဘူး၊ အသက်လည်း မပြည့်သေးဘူး၊ ကျမသား လွတ်လာအောင် ကူညီပေးပါ” ဟုပြောသည်။

ထို့အပြင် ကွတ်ခိုင်မြို့နယ် မန်ဂျက်ကျေးရွာနှင့် လုံကိန်ကျေးရွာရှိ လူငယ် ၄ ဦးသည်လည်း ပြီးခဲ့သည့် ဇွန်လတွင် ဖမ်းဆီးခံရပြီး ယနေ့အချိန် ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း ထပ်မံ သိရသည်။