လက်နက်ကြီးကြောင့် ဘုန်းကြီးကျောင်းအပါအဝင် လူနေအိမ်နှင့် ရွာသားများ ထိခိုက်မှုရှိပြီး စစ်ဘေးရှောင် ၃၀ဝ ကျော် အစားအသောက် အရေးပေါ်လိုအပ်နေ

နိုဝင်ဘာ ၁၇ ရက် ၂၀၁၉ ခုနှစ်တွင် ကျောက်မဲမြို့နယ် ခွန်ကော်-တော့ဖဲ အုပ်စုဘက်တွေင် မြန်မာ့တပ်မတော်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်တော်တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင် ၃၀ဝ ကျော်ရှိပြီး ရွာသား ၃ ဦး ဒဏ်ရာအနည်းငယ် ရရှိကာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း အပါအဝင် နေအိမ် (၃၀) လုံးခန့် ပျက်ဆီးသည်ဟု သတင်းရရှိသည်။

အာဗြောင်ရွာသားတစ်ဦးမှ “ မနေ့ညတုန်းက ကျောက်မဲဘက်ကနေလက်နက်ကြီး ပစ်လာလို့ ရွာထဲမှာ လက်နက်ကြီး ကျလာတယ်၊ လူလည်းထိထားတယ်ဒဏ်ရာတော့ တအားမများဘူး၊ အိမ်လည်းထိတယ် ဘယ်သူ့အိမ်ထိမှန်းတော့မသိရသေးဘူး၊ ဘုန်းကြီးကျောင်းနဲ့ ဘုရားတွေလည်း ထိတယ်၊ စာရင်းအတိ အကျမရသေးဘူး ” ဟု ပြောသည်။

လက်ရှိတွင် ရွာသားများသည် လက်နက်ကြီးများထပ်မံပစ်ခတ်လာမည်ကို စိုးရိမ်သောကြောင့် အခြေအနေ ပိုဆိုးလာလျှင် ဘေးကင်းရာ တစ်စုတစည်း ထွက်ပြေးနိုင်ရန် ဘုန်းကြီးကျောင်းတွင် စုပေါင်း နေထိုင်နေရသည်ဟု သိရသည်။

တော့ဖဲရွာသားတစ်ဦးပြောပြသည်မှာ “ မနေ့တုန်းက လက်နက်ကြီး ဆက်တိုက်ပစ်ခတ်လာတယ်၊ ကြက်သေနဲ့ တော့ဖဲရွာကြားက ထင်းရှုးတောင်မှာ တပ်ဘက်က နေရာယူထားတယ်၊ ရွာသားတွေတော့ ခုံငင်းရွာဘက်မှာ ရွာလုံးကျွတ်ထွက်ပြေးနေကြပြီ၊ ရွာမှာဘယ်သူမှ မရှိတော့ဘူး၊ ကျေးရွာထိခိုက်မှုရှိ၊ မရှိတော့ မသိသေးဘူး ” ဟု ပြောသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့မှစပြီး PSLF/TNLA နှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲတင်းမာမှုကြောင့် ခွန်ကော်အုပ်စုအတွင်းရှိ တော့ဖဲ၊ အုံးအွီးကျေးရွာများမှ စစ်ဘေးရှောင် ၃၀ဝ ခန့်သည် နမ့်ဆန်မြို့နယ်၊ ပန်နီမ်းကျေးရွာတွင် သွားရောက်ခုံလှုံပြီး နားလွေးကျေးရွာမှ စစ်ဘေးရှောင် ၅၇ ဦး သည် မန်ခေါက် ကျေးရွာတွင် ထွက်ပြေးတိမ်းရှောင်နေသည်။

ပန်နီမ်းဆရာတော်မှ “ မနေ့ညတုန်းက စစ်ရှောင်တွေ ခုံငင်းရွာကနေ လမ်းလျှောက်လာကြတာ၊ ဆရာတော်တို့က သူတို့ကို ကြက်သေရွာထိပ်မှာ ကားနဲ့သွားကြိုပေးတယ်၊ လောလောဆယ် စားသောက်ရေးအတွက် ရွာထဲမှာ အလှူခံပြီး ကျွေးမွေးထားတယ်” ဟု မိန့်ကြားသည်။

၄င်းထွက်ပြေးတိမ်းရှောင်နေရသည့် ရွာသားများသည် မြို့နှင့် အလှမ်းဝေးသည့်နေရာတွင် ခုံလုံနေကြပြီး မည်သည့်အဖွဲ့အစည်းမှ သွားရောက်ကူညီနိုင်ခြင်း မရှိသည့်အတွက် အစားအသောက်နှင့် အနွေးထည် လိုအပ်နေကြောင်း သိရသည်။

ကျောက်မဲမြို့နယ် အာဗြောင်ကျေးရွာအတွင်းတွင် မပေါက်ကွဲသေးသည့် လက်နက်ကြီး တစ်လုံးရှိနေသည်ဟု ထပ်မံသိရသည်။