ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံးထိခိုက်ပျက်စီး

နိ်ုဝင်ဘာလ ၁၀ ရက် မွန်းလွဲ ၂း၄၀ အချိန်ခန့်တွင် နမ့်ဆန်မြို့နယ် မြို့သစ်အုပ်စု လွယ်ပိန်းကျေးရွာတွင် မိုင်းငေါ့မြို့နယ်အခြေစိ်ုက် မြန်မာ့တပ်မတော်တို့ တပ်ကုန်း စခန်းမှ ကျေးရွာအတွင်းသို့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့သည်။

ဒေသတစ်ဦးမှ “ ရွာထဲမှာ ဘောလုံးပွဲကျင်းပနေတဲ့အချိန်ဖြစ်တယ် ဘောလုံးပွဲမစခင် ပလောင်စစ်သားတွေ ရွာထဲ ရောက်လာတယ်၊ ဘယ်ကနေလာလဲတော့ မသိဘူး၊ ပြီးရင် ခရီးဆက်ဖို့ ရွာကနေ ပြန်ထွက်သွားတယ်၊ တပ်ဘက်က အဲ့သတင်းရလို့နေမှာပေါ့ သူတို့ပစ်လာတာ၊ ဘောလုံးပွဲလည်း ဖျက်သိမ်းလိုက်ရတယ် အကုန်လုံးက ကြောက်ကုန်တာလေ ” ဟု ပြောသည်။

မြန်မာ့တပ်မတော် ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ဦးအောင်မွန်းနေအိမ် နှင့် ဒေါ်နန်းကြွယ် နေအိမ် အပြင် ဦးမောင်ကို၏ ဆိုင်ကယ်ထိခိုက်ကာ ဘောလုံးပွဲကွင်းအောက်တွင် လက်နက်ကြီး ၁ လုံး ကျခဲ့ပြီး လူထိခိုက်မှု မရှိဟုလည်း သိရသည်။

“ TNLA တပ်ဘက်က စစ်ကြောင်းကို အရင်ပစ်လာလို့ အဲ့ကြောင့် သူတို့က ပြန်ထုရတာတဲ့၊ ဒါပေမဲ့ ကျနော်တို့ ကတော့ တစ်မနက်ပိုင်းလုံး ဘာလက်နက်ကြီးပစ်ခတ်သံမှ မကြားရဘူး” ဟု ၄င်းမှ ဆက်လက်ပြောကြားသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကျေးရွာတွင် ရောက်ရှိသော သတင်းရလိုက်သည့် အတွက် ပစ်ခတ်လိုက်ခြင်း ဖြစ်သည်ဟု သိရသည်။ သို့သော် မြန်မာ့တပ်မတော်တို့ လက်နက်ကြီး ပစ်ခတ်ချိန်တွင် TNLA မှ ကျေးရွာတွင် မရှိဘဲ ထွက်သွားပြီ ဖြစ်သည်ဟု ဒေသခံထံမှ သိရသည်။