မြန်မာ့တပ်မတော်နှင့် TNLA တို့အကြား တိုက်ပွဲဖြစ်ပွားပြီး အရပ်သား ၇ ဦး ထိခိုက်ဒဏ်ရာရရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့ ရပ်ကွက်(၁-၂)တွင် မြန်မာ့တပ်မတော်နှင့် TNLA တပ်ဖွဲ့တို့ အောက်တိုဘာလ ၉ ရက် ၂၀၁၉ ခုနှစ် မနက် ၆ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သား (၇) ဦး ထိခိုက်ဒဏ်ရာရရှိပြီး လူနေအိမ်အချို့ ပျက်ဆီးမှုရှိကြောင်း သိရသည်။

သိန္နီ ပြည်နယ်လွှတ်တော် အမှတ်(၁) ဒေါ်နန်းခင်ထားရီမှ “တိုက်ပွဲက မနက် (၆) နာရီခွဲ အချိန်မှာ ဖြစ်တာ ကျမတို့အိမ်ရှေ့မှာ စစ်ကား(၂)စီးက လက်နက်ကြီး/ငယ်တွေ ပစ်ခတ်နေကြတယ်၊ ဒဏ်ရာရတဲ့ သူက (၇)ဦးပေါ့နော်၊ ၂ ယောက်က ဒဏ်ရာများလို့ လားရှိုးဆေးရုံမှာ လွဲပြောင်းထားတယ်၊ နောက် ၁ ယောက်က သိန္နီဆေးရုံမှာပဲ ဆေးကုသနေဆဲ ဖြစ်တယ်၊ ကျန်တဲ့ (၄) ယောက်က ဒဏ်ရာမများတော့ သိန္နီဆေးရုံမှာ ခဏပြပြီး ဆင်းလိုက်ပြီ” ဟုပြောသည်။

ဒဏ်ရာရရှိသူများမှာ အသက်(၂၇)ရှိ မသန်းသန်းနွယ်၊ အသက် (၅၅) ရှိ ဒေါ်နန်းအိုစိန်၊ အသက် (၂၅) ရှိ မတင့်တင့်ထွန်း၊ အသက် (၃၁) ရှိ ကိုဟန်ဝင်းအောင်၊ အသက် (၂၉) ရှိ မခင်နန်းစိုး၊ ဒေါ်နွမ်းစိန်နှင့် စိုင်းဆိုင်လှိုင်တို့ဖြစ်ပြီး ညာလက်၊ ပေါင်၊ ဦးခေါင်းနှင့် ဒူးခေါင်းတွင် အသီးသီး ဒဏ်ရာရရှိသည်။

ဒဏ်ရာရရှိသူ တစ်ဦးပြောပြချက်အရ “ကျမဘုရားရှိခိုးနေတဲ့အချိန်မှာပဲ လက်နက်ကြီးက အိမ်ပေါ်ကနေကျလာတယ်၊ ကျမနဲ့ သမီးနှစ်ယောက်ကို ထိတယ်၊ ဖြစ်ဖြစ်ချင်းမှာ ဆေးရုံမသွားရဲဘူး၊ တိုက်ပွဲငြိမ်တဲ့ အချိန်မှပဲ ဆေးရုံသွားကြတယ်၊ ဆေးရုံနဲ့ ကျမတို့အိမ်က ၁၅ မိနစ်ပဲသွားတယ်ဆိုတော့ ကိုယ်ဘာသာကို သွားလိုက်တယ်၊ ကျမပေါင်တံက အထဲမှာ ကျည်ဆံစ ရှိနေသေးလို့ လားရှိုးဆေးရုံကို ဆေးလာကုရတယ်၊ သမီးနှစ်ယောက်ကတော့ ဒဏ်ရာသိပ်မများဘူး၊ ကျမတို့ အိမ်ခေါင်မိုးလဲ ပေါက်သွားတယ်” ဟုပြောသည်။

သိန္နီနယ်ခံ တစ်ဦးပြောပြချက်အရ “ ဒီနေ့ မနက် (၆) နာရီခွဲလောက်မှာ ဗမာစစ်သား စစ်ကား (၄)စီးနဲ့ မြို့ပေါ်ကိုဖြတ်သွားတာတွေ့တယ်၊ ဖြတ်သွားပြီး မကြာဘူး သေနတ်သံ ပစ်ခတ်မှုတွေ စပြီးကြားနေရတယ်၊ ဘယ်ဘက်အဖွဲ့က စပစ်တာလဲတော့ မသိဘူး၊ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ ကျမ တို့နေတဲ့နေရာက (၂) မိုင်လောက်ဝေးတယ် ” ဟုပြောသည်။

ဒဏ်ရာပြင်းထန်သော ရွာသား (၂) ဦးမှာ လားရှိုးပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူပြီး ကျန် (၄) ဦးသည် ဒဏ်ရာအနည်းငယ်စီရရှိသောကြောင့် သိန္နီပြည်သူ့ဆေးရုံတွင် ခဏသာ ဆေးကုသမှု ခံယူပြီး ကျန်တစ်ဦးမှ ယခုထိ သိန္နီဆေးရုံတွင် ဆေးကုသမှုခံယူနေသည်ဟု သိရသည်။