၃ လ အတွင်း ဒေသခံ (၇၀) ဦး လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးမျိုး ကျူးလွန်ခံရ

၂၀၁၉ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလကုန်အထိ မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ အကြား တိုက်ပွဲပြင်းထန်မှုကြောင့် အရပ်သားပြည်သူများ လူ့အခွင့်အရေးချိုးဖောက်မှု မျိုးစုံကြုံတွေ့ခံစားကြ ရသည်။

၃လအတွင်း ပြည်သူလူထုများကို ဖမ်းဆီးချုပ်နှောင်ခြင်း၊ ပေါ်တာဆွဲခြင်း၊ လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်ခြင်း၊ မြေမြှုပ်မိုင်းအသုံးပြုမှုကြောင့် သေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိခြင်း၊ နေအိမ်ရှိ ပစ္စည်းများ သိမ်းယူ ဖျက်ဆီးခြင်းနှင့် စစ်ဘေးရှောင် ဒုက္ခသည်များပြားလာခြင်း စသည့်လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးမျိုး ကျူးလွန်ခဲ့ကြသည်။

လက်နက်ကြီးပစ်ခတ်ခြင်းနှင့် မြေမြှုပ်မိုင်းကြောင့် ဒေသခံ (၁၀) ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ (၂၃) ဦး၊ ပေါ်တာ (သို့) လမ်းပြအဖြစ် ခေါ်ဆောင်ခံရသူ (၂၃) ဦး၊ ဖမ်းဆီးချုပ်နှောင်ခံရသူ (၃) ဦး၊ တပ်သားသစ်စုဆောင်းခံရသူ (၁၀) ဦးနှင့် ညှဉ်းပမ်းနှိပ်စက်ခံရသူ (၁) ဦး စုစုပေါင်း (၇၀) ဦး ရှိသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားမှုကြောင့် တအာင်းဒေသအတွင်း စစ်ဘေးရှောင် ပြည်သူများ ၆၀ဝ၀ ဝန်းကျင်အထိရှိလာခြင်း၊ ဒေသခံများ မကြာခဏပျောက်ဆုံးခြင်း၊ နေအိမ်များစစ်ဆေးခံရခြင်း၊ လက်နက်ကြီးကြောင့် နေအိမ်ပျက်ဆီးခြင်း၊ အိုးအိမ်ပစ္စည်းများဖျက်ဆီးခြင်းနှင့် သိမ်းယူခြင်းများလည်း ရှိသည်။

အထက်ပါ လူ့အခွင့်အရေးချိုးဖောက်မှုများသည် ကွတ်ခိုင်၊ နမ့်ဆန်၊ ကျောက်မဲ၊ သီပေါနှင့် နမ့်ခမ်းမြို့နယ်တို့တွင် အဖြစ်များသည်ကို တွေ့ရှိရသည်။ ထိုကဲ့သို့သော လူ့အခွင့်အရေးချိုးဖောက်နေသည့် တပ်များမှာ မြန်မာ့တပ်မတော် (၁၅) ကြိမ်၊ ပြည်သူ့စစ် (၁) ကြိမ်၊ RCSS/SSA (၂) ကြိမ်နှင့် TNLA (၂) ကြိမ်တို့ ဖြစ်ကြပြီး အခြားသောချိုးဖောက်မှုများသည် ကျူးလွန်သူများကို အတိအကျမသိရသေးပေ။

တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ လက်လှမ်းမီ ကောက်ခံရရှိသော အချက်အလက်များကိုသာ ရေးသားတင်ပြ ခြင်းဖြစ်သည်။