စစ်ဘေးရှောင်နေစဉ် နမ့်ခေးကျေးရွာ နေအိမ်အချို့ဖောက်ထွင်းခံရ

စက်တင်ဘာလ ၁၆ ရက် ညအချိန်တွင် နမ့်ခေးရွာသားများ နမ့်ဆန်မြို့ပေါ်သို့ စစ်ဘေးရှောင်နေစဉ် ဈေးဆိုင်(ကုန်စုံဆိုင်)တွေ ဖောက်ထွင်းခံရပြီး စုစုပေါင်း တန်ဖိုး ပျှမ်းမျှ သိန်း (၄၀) ကျော် ပစ္စည်းများ သိမ်းယူ သွားကြောင်း သိရသည်။

ဖောက်ခံရသည့် အိမ်ရှင်တစ်ဦးမှ “ ကျတော်ဆိုင်ထဲက မုန့်တွေ၊ ချိုရည်၊ ခြေအိတ်-ဘွတ်ဖိနပ်၊ ကြက်ဥတွေ အခြား အစားအသောက်တွေ ယူသွားကြတယ်၊ ကျတော်ရဲ့ ဘဏ်စာအုပ်လဲ ရှာမတွေ့တော့ဘူး၊ ဘဏ်စာအုပ်ထဲမှာ ပိုက်ဆံ (၅) သိန်းကျော်ရှိတယ်၊ ကျတော့်ဆိုင်ထဲက ပါသွားတဲ့ ပစ္စည်းတန်ဖိုး ပျှမ်းမျှ သိန်း (၂၀) ကျော်လောက် ရှိမယ်” ဟုပြောသည်။

နမ့်ခေးဒေသခံတစ်ဦးလည်း “ ရွာသားတွေ အကုန်လုံး ထွက်ပြေးလာကြတယ်၊ အိမ်တံခါးတွေလည်း သော့ခတ် ထားတယ် ဒါပေမဲ့ သူတို့တွေ သော့ကို ဖျက်ပြီး ဈေးဆိုင်ထဲက အစားအသောက်၊ အသုံးအဆောင်ပစ္စည်းတွေ ယူသွားတယ်” ဟု ထပ်မံ ပြောကြားသည်။

ရွာသားများထွက်မသွားခင် ၁၆ ရက်နေ့ မနက် အချိန်ကတည်းက ကျေးရွာအတွင်းတွင် မြန်မာ့တပ်မတော် တပ်မ (၉၉) အဖွဲ့ရှိပြီး ဈေးဆိုင်တွေ ဖောက်ထွင်းသည့် အဖွဲ့သည် ၄င်းတို့တပ်ဖွဲ့သာ ဖြစ်သည်ဟု ဒေသခံများမှ ပြောသည်။

“ ထွက်မပြေးခင်ကတည်းက ရွာထဲမှာ ဗမာစစ်သားတွေဘဲရှိတာ၊ ဆိုင်တွေဖောက်ခံရလို့ ဆိုင်ရှင်တွေ သွားကြည့်တဲ့အချိန်တောင် အဲဒီ တပ်ဖွဲ့တွေ ရွာထဲရှိနေတုန်း” ဟုပြောသည်။

ထိုနည်းတူစွာ ဖောက်ခံရသည့် အိမ်ရှင်တစ်ဦးလည်း ဆိုင်အတွင်း ယူသွားခံရသည့် ပစ္စည်းတန်ဖိုး စုစုပေါင်း သိန်း (၂၀) ကျော်ရှိမည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းထံပြောလာသည်။ သို့သော် ပျောက်ဆုံးပျက်ဆီးသည့် ပစ္စည်းစာရင်း အသေးစိတ် ပြုစုနိုင်ခြင်းမရှိသေးကြောင့် ဆိုင်ရှင်များမှ ပြောသည်။

၁၃ ရက်နေ့မှ စတင်ပြီး ၁၆ ရက်နေ့အထိ တအာင်း(ပလောင်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် TNLA တို့ကြား တိုက်ပွဲပြင်းထန်လျက်ရှိပြီး တပ်မတော်ဘက်မှ ရဟတ်ယာဉ်ဖြင့် အသုံးပြုနေသည်ကို တွေ့ရသည်။