၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီးကြောင့် ဒဏ်ရာပြင်းထန်စွာရရှိ

တအာင်း(ပလောင်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် တမာကုန်းရပ်ကွက်နေ တာကွန်ဌေး၏ မြေးဖြစ်သူ (၁၀) နှစ်အရွယ် စိုင်းသူဇာသည် စက်တင်ဘာ ၁၆ ရက်နေ့တွင် ကျေးရွာအတွင်း ကျရောက်သည့် လက်နက်ကြီးကြောင့် ဒဏ်ရာများစွာရရှိပြီး နမ့်ဆန် ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိသည်။

အဘိုးဖြစ်သူ တာကွန်ဌေး ပြောပြချက်အရ “ မြေးလေးက အိမ်ထဲမှာဆော့နေတယ်၊ လက်နက်ကြီး ဘယ်ကနေ လာမှန်းတော့ မသိဘူး၊ အိမ်ထဲမှာ ကျည်စတွေ ဝင်ပြီး ကျတော့်မြေးရဲ့ ပုခုံးကိုထိတယ်၊ သူ့အပေါ်မှာ သစ်ပင်ကျလာတယ်ဆိုပြီး သူက အော်ငိုနေတယ်၊ ကျတော် သွားကြည့်လိုက်တဲ့အချိန် ဒဏ်ရာတွေ ရပြီးသွေးတွေ ထွက်နေတယ်” ဟုပြောသည်။

ဆေးရုံသို့ လိုက်ပါပို့ဆောင်ပေးသည့် နမ့်ဆန်မြို့နယ် ကြက်ခြေနီအသင်း ဥက္ကဌမှ “ ကလေးက လက်မောင်းနဲ့ နောက်ကျောမှာ ထိခိုက်ဒဏ်ရာရတယ်၊ ဆရာဝန်က စိုးရိမ်စရာမရှိဘူးလို့တော့ ပြောတယ်” ဟုပြောသည်။

နမ့်ဆန်မြို့အနီးတစ်ဝိုက်တွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း သေဆုံးသူ တစ်ဦးရှိပြီး ဒဏ်ရာရရှိသူ ၂ ဦးရှိနေပြီဟု သိရသည်။