နမ့်ဆန်မြို့တွင် ရဟတ်ယာဉ်ဖြင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်အချို့ပျက်ဆီးပြီး စစ်ဘေးရှောင် ထောင်ကျော်ရှိလာ
စက်တင်ဘာလ ၁၃ ရက်မှ ယနေ့အထိ နမ့်ဆန်မြို့ အနီးတစ်ဝိုက်ကျေးရွာတွင် လက်နက်ကြီး ပစ်ခတ်ခြင်း၊ တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ဒေသခံများ တစ်ထောင်ကျော်အထိ ရှိလာကာ နေအိမ် တစ်လုံး မီးလောင်ပြီး တစ်လုံးထိခိုက်ပျက်ဆီးမှု ရှိနေသည်ဟု သိရသည်။
လက်ရှိအချိန်တွင် စစ်ဘေးရှောင်ဒုက္ခသည်များသည် ပန်စရီဘုန်းကြီးကျောင်းတွင် (၁၉၃) ဦး၊ ကယားကြီးဘုန်းကြီးကျောင်းတွင် (၂၀ဝ)ဦး၊ ဇယန်းကြီးကျောင်းတွင် (၇၁၅)ဦး ၊ ၇၄ မိုင်တွင် (၂၆၅) ဦး စုစုပေါင်း (၁၃၇၃) ဦး ရှိနေပြီ ဖြစ်သည်။
ပန်စရီကျေးရွာ ဥက္ကဌ ပြောပြချက်အရ ” ဒီမှာရောက်လာတာ ဟိုလတ်ရွာကလူတွေဖြစ်တယ်၊ မနေ့ကနေ ဒီနေ့ချိန်ထိ သူတို့ရွာမှာ နမ့်ဆန်ဘက်ကနေ လက်နက်ကြီးပစ်လာတာ အလုံး ၂၀ လောက်ရှိမယ်၊ တိုက်ပွဲတော့မဖြစ်ဘူး၊ အဲဒါကြောင့် သူတို့ဒီမှာရောက်လာတာ၊ အခုလောလောဆယ် သူတို့ကို ရွာကလူတွေပဲ ချက်ကျွေးပြုစုပေးတယ် ၊ရွာက လူတွေ လာလှူကြ တယ် ရေရှည်ဆိုရင်တော့ အဆင်မပြေလောက်ဘူး၊ ဒီနေ့ချိန်ထိ ဘယ်အဖွဲ့အစည်းမှ လာရောက်ကူညီပေးတာမရှိသေးဘူး”ဟုပြောသည်။
စစ်ဘေးရှောင်အတွက်လိုအပ်သည့် အကူအညီပေးရန် အဖွဲ့အစည်းအချို့နှင့် လူမှုကူညီရေး အသင်းများမှ ကြိုးစားနေသော်လည်း လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ပစ်ခတ်မှုရှိနေပြီး သွားမည့် လမ်းကြောင်း အခက်အခဲ ရှိနေသည်ဟု ကူညီဆောင်ရွက်နေသူ တစ်ဦးမှ ပြောသည်။
“ အခုလေးတင် လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်နေကြတာ၊ ကျမတို့က ပန်စရီနှင့် ကယားကြီးရွာဘက်ကို TWO အဖွဲ့ရယ်၊ မေတ္တာဖောင်ဒေးရှင်းအဖွဲ့ရယ်၊ ဘုန်းကြီးတို့နဲ့ အတူတူသွားဖို့ လုပ်နေတယ်၊ ဒါပေမယ့် လမ်းအခြေအနေကြောင့် မနက်ဖြန်ထိတော့ စောင့်ကြည့်ရမယ်” ဟုပြောသည်။
၄င်းစစ်ရှောင်များသည် အစားအသောက်၊ တကိုယ်ရေသန့်ရှင်းရေး အတွက် အသုံးအဆောင်ပစ္စည်းနှင့် စောင်၊ အခင်းစသဖြင့် အရေးပေါ်လိုအပ်နေသည်ဟုသိရသည်။
ထို့အပြင် စက်တင်ဘာ ၁၄ ရက်နေ့တွင် လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံး မီးလောင်ပြီး စက်တင်ဘာ ၁၅ ရက်နေ့တွင် လေယာဉ်အသုံးပြုမှုကြောင့် နေအိမ်တစ်လုံး ထိခိုက်ပျက်ဆီးသည်ဟု သိရသည်။
အိမ်ရှင်ဖြစ်သူ ဦးစိန်ဝင်းပြောပြချက်အရ “ တော်သေးတာပေါ့ ကျနော့်ကို မထိတာ၊ ကျနော်က အဲနေ့ မနက်ကတည်းက အိမ်ကနေ ထွက်ပြေးလာတာ၊ လေယာဉ်နဲ့ ညနေပိုင်းလောက် ပစ်လာတာ၊ လက်နက်ကြီး ၂ လုံးကျလာတယ်၊ အိမ်ပေါ် အိမ်အောက် ပြူတင်းပေါက်၊ ဘုရားစင်၊ နွားတင်းကုတ်တွေ ပျက်ဆီးသွားတယ်၊ စိတ်တော့မကောင်းဘူး၊ မြန်မာနိုင်ငံတစ်ပြည်လုံး ငြိမ်းချမ်းရေး အမြန်ရချင်နေပြီ” ဟုပြောသည်။
တအာင်း(ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် အနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွားနေမှုကြောင့် စာသင်ကျောင်းတွေလည်း ခေတ္တပိတ်ထားနေရသည်ဟု သိရသည်။



