ရွာသား ၂ ဦး ကျွဲရှာရာမှ မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန်ရရှိ

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်၊ ညနေပိုင်း ၃ နာရီခွဲအချိန် တအာင်း(ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ နမ့်ဆန်မြို့နယ်၊ နမ့်တွေကျေးရွာရှိ ရွာသား နှစ်ဦးသည် ကျွဲရှာရန် သွားနေစဉ် မိုင်းငေါ့ချောင်းအနီးတွင် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရကာ ကျောက်မဲဆေးရုံနှင့် လားရှိုးဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။

ဒဏ်ရာရရှိသူ ကိုစံလှ၏ အမျိုးသမီးပြောပြသည်မှာ “ ကျမတို့ အတူတူသွားပြီး ကျွဲသွားရှာတာ၊ လမ်းတစ်ဝက်မှာတော့ ကျမတို့က တစ်ဖက် သူတို့ကတဖက် လမ်းခွဲပြီး သွားရှာကြတာ၊ ကျမယောကျာ်းနဲ့ ကိုထွန်းဦးဆီမှာ ခွေးတစ်ကောင်လည်း ပါတယ်၊ ခွေးက ရှေ့ဆုံးမှာ အရင်သွားပြီး နင်းမိတာ၊ ခွေးတော့ တစ်စစီ ဖြစ်သွားတယ်၊ ပြီးတော့ ကျမယောကျာ်းက အလယ်မှာဆိုတော့ သူလည်းထိသွားတယ်၊ ကိုထွန်းဦး ကတော့ ထိတယ် ဒါပေမဲ့ သူကနောက်ဆုံးမှာဆိုတော့ အဲလောက်တော့ ဒဏ်ရာမများဘူး၊ မိုင်းပေါက်ကွဲတော့ ထွန်းဦးက ကျမတို့ကို အော်ခေါ်တယ်၊ ပြီးမှ ရွာကလူတွေကို ပြန်သွားခေါ်လာတာ” ဟု ပြောပြသည်။

မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် ကိုစံလှနှင့် ကိုထွန်းဦးကို ရွာသားများမှ ကျေးရွာသို့ ထမ်းလာပြီး ကျေးလက်ဆေးပေးခန်းတွင် တစ်ည ကုသမှုခံယူပြီး မိုင်းငေါ့ဆေးရုံမှ တစ်ဆင့် ကျောက်မဲဆေးရုံသို့ လွဲပြောင်း ကုသမှုခံယူနေသည်။ သို့သော် ကိုစံလှမှ ဒဏ်ရာပြင်းထန်သောကြောင့် ကျောက်မဲဆေးရုံမှ တစ်ဆင့် လားရှိုး ဆေးရုံသို့ အိုမ်တမာဝ်း လူမှုကူညီရေးအသင်းကားဖြင့် ကူညီပို့ဆောင်ပေးခဲ့သည်။

ကိုစံလှသည် ခြေထောက်နှစ်ဖက်စလုံးနှင့် ကျောကုန်းတွင် ထိခိုက်ဒဏ်ရာရရှိသလို ကိုထွန်းဦးသည်လည်း ခြေထောက်နှစ်ဖက်လုံးတွင် ထိခိုက်ဒဏ်ရသော်လည်း ပြင်းထန်မှု မရှိသည့်အတွက် ကျောက်မဲ ဆေးရုံတွင်သာ ကုသမှု ခံယူနေသည်။

နမ့်တွေဒေသခံ ဒေါ်နှင်းနုမှ “ မိုင်းတော့ ဘယ်သူဘယ်ဝါမိုင်းလို့တော့ ကျမတို့လဲ မပြောတက်ဘူး၊ မိုင်းငေါ့တစ်ခွင်မှာဆိုရင် လက်နက်ကိုင်အဖွဲ့တော့ စုံနေတာပဲ ပလောင်အဖွဲ့၊ ရှမ်းတပ်မတော်၊ မြန်မာ့တပ်မတော် အဖွဲ့တွေ အမြဲတမ်းသွားလာလှုပ်ရှားနေကြတာပဲ၊ ကြိုးမိုင်းလား၊ မြေမြှုပ်မိုင်းလား မသိဘူး ဘယ်သူလုပ်တာလဲ မပြောတက်ဘူး” ဟု ပြောပြသည်။

မိုင်းငေါ့မြို့နယ် အနီးတစ်ဝိုက်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် မြန်မာ့တပ်မတော်တို့ မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားသည့်နေရာလည်း ဖြစ်သည်ဟု သိရသည်။