ဒေသခံ ၁၀ ဦးကို RCSS/SSA မှ တပ်သားအဖြစ် ဖမ်းဆီးခေါ်ဆောင်

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်၊ နေ့လည် ၂ နာရီအချိန်တွင် သီပေါမြို့နယ်၊ အုံမုကျေးရွာအုပ်စု၊ မန်လွယ် ရွာနေ ဒေသခံရွာသား ၁၀ ဦးကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) မှ တပ်သား အဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့သည်ဟု သိရှိရသည်။

သီပေါဒေသခံတစ်ဦးမှ “ ဒီ ၁၀ ဦးက ၂၀၁၈ ခုနှစ်ကတည်းက စာရင်းထဲပါထားတဲ့လူတွေ၊ ခေါ်တုန်းကတော့ ဘယ်မှမသွားခိုင်းဘူး၊ ရွာစောင့်စစ်သားလောက်ပဲ လုပ်ခိုင်းမယ်ပြောတယ်၊ ဒီနေ့ကျတော့ သူတို့ကို လာခေါ် သွားလိုက်တာ၊ တစ်ချို့ဆို သူတို့ရဲ့ မိန်းမက ကိုယ်ဝန်သည်နဲ့ မီးဖွားမယ့်ရက်က နီးလာပြီ တောင်းပန်လည်း မရဘူး၊ ကြိုးနဲ့လာချည်သွားတာ တိရိစ္ဆာန်လိုမျိုးပဲ ဆွဲသွားတာ၊ ဒီနေ့တစ်ရွာလုံးဝမ်းနည်း နေကြတာ “ ဟု ပြောသည်။

တပ်သားအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရသည့် ရွာသားများမှာ –
၁) ကိုအိုက်တီး ၃၇ နှစ်၊
၂) ကိုအောင်ဆန်း ၃၅ နှစ်၊
၃) မိုင်းအောင်မိန်း ၂၀ နှစ်၊
၄) မိုင်းအိုက်နောင့် ၂၀ နှစ်၊
၅) မိုင်းဆာအောင် ၂၅ နှစ် ၊
၆) မိုင်းအိုက်ဝင်း ၂၂ နှစ်၊
၇) မိုင်းအိုက်စောက် ၂၀ နှစ်၊
၈) မိုင်းအိုက်လိုင် ၂၂ နှစ်၊
၉) မိုင်းကော်ခမ်း ၂၂ နှစ် ၊
၁၀) မိုင်းဆာအောင် ၂၀ နှစ် တို့ဖြစ်ကြသည။

၄င်းရွာသားများသည် လွန်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တပ်ဖွဲ့၏ တပ်သားများ ပြုလုပ်ရန် မဲနှိုက်ခံခဲ့ရသော အိမ်ထောင်စုများ ဖြစ်ကြပြီး စုစုပေါင်း ၁၂-ဦး စာရင်း ပါဝင်ခဲ့သည်။ ၄င်းစာရင်းအရ (၁၀) ဦးကို စစ်သားလုပ်ရန် ကျောက်မဲနယ်မြေသို့ ခေါ်ဆောင်သွားပြီး ကျန် (၂) ဦးကို ရွာစောင့်-စစ်သား အဖြစ်ထားခဲ့သည်။