လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၅ ဦး သေဆုံး ၃ ဦး ထိခိုက်ဒဏ်ရာရရှိ

သြဂုတ် ၃၁ ရက် မနက်ပိုင်းတွင် လက်နက်ကြီးကျရောက်မှုကြောင့် ကွတ်ခိုင်မြို့နယ် မော်ဟိတ်စုစည်းရွာရှိ လသား ကလေးငယ် အပါအဝင် ဒေသခံ ၅ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိကာ ကွတ်ခိုင်ဆေးရုံမှ တစ်ဆင့် လားရှိုးဆေးရုံသို့ လွဲပြောင်းကုသကြောင်း သိရသည်။

နံနက် ၁၀ နာရီခန့်တွင် မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်း ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်သည့် MNDAA၊ TNLA၊ AA တို့သည် ကွတ်ခိုင်မြို့ ရပ်ကွက် (၈) တွင် အပြန်အလှန် တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားများ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိကြသည်။

လက်နက်ကြီးကြောင့် သေဆုံးသူမှာ မနန်မွန်းပန် (၁၄)နှစ်၊ ဒေါ်ထွယ်ဂျား (၃၅)နှစ်၊ ဒေါ်လုဆန် (၁၈) နှစ်၊ မောင်ဇော်ခွန်လတ် (၈) နှစ်၊ မဆိုင်းခေါန် (၁) နှစ် တို့ဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ မရွယ်ဘူ၊ မောင်ဘောက်လာ၊ ဦးဂျုံးဒေါင် တို့ဖြစ်သည်။

ယနေ့တွင် ရှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် မြောက်ပိုင်း မဟာမိတ် (၄) ဖွဲ့နှင့် အစိုးရ ကိုယ်စားလှယ်အဖွဲ့မှ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်နေစဉ် ရှမ်းမြောက်ဖြစ်သည့် ကွတ်ခိုင်မြို့တွင် မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်း ညီနောင် မဟာမိတ် (၃) ဖွဲ့ကြား တိုက်ပွဲ ပြင်းထန်လျှက်ရှိနေသည်။

တိုက်ပွဲပြင်းထန်မှုကြောင့် ကွတ်ခိုင်ဈေး၊ စာသင်ကျောင်း ပိတ်ထားသည့်အပြင် ဒေသခံပြည်သူများသည်လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြရသည်။