လက်နက်ကြီးကြောင့် ပန်ဆေးရွာသားတစ်ဦး ပွဲချင်းပြီးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရ

ယနေ့ ည (၈) နာရီခန့်တွင် ကွတ်ခိုင်မြို့နယ် ပန်ဆေးကျေးရွာတွင် လက်နက်ကြီး ကျရောက်မှုကြောင့် ဘုရားရှိခိုးနေသည့် ဒေသခံဖြစ်သူ တာအိုက်ငို (ခ) ကူန်ဌေးမှ ထိုနေရာတွင် ပွဲချင်း သေဆုံးကာ ဇနီးဖြစ်သူမှ ပေါင်တွင် ထိခိုက်ဒဏ်ရာ ရရှိသည်။

ဒေသခံ တစ်ဦးမှ “ကူန်းဌေးက ဘုရားရှိခိုးဖို့ ဘုရားစင်ရှေ့ ရောက်တဲ့ချိန် လက်နက်ကြီးကျလာပြီး သူရဲ့ လည်ပင်းနဲ့ ပုခုံးထိသွားတယ် အဲနေရာမှာဘဲ ချက်ချင်းသေသွားတယ် သူ့အမျိုးသမီးတော့ ပေါင်မှာ လက်နက်စတွေ ထိပြီး အရေခွံကွာသွားတယ်၊ သူတို့အိမ်နဲ့ ကျနော်အိမ်က တစ်မိုင်လောက်ပဲဝေးတယ် လက်နက်ကျတာ အားသိပ်မပြင်းလို့ ကျနော်အိမ်ကဘာမှတော့မဖြစ်ဘူး၊ ညဆိုတော့ ကူန်းဌေးအိမ် ဘယ်နေရာပျက်ဆီးသွားလဲဆိုတာ သေချာမသိသေးဘူး “ဟု ပြောသည်။

သေဆုံးသူမှာ အသက် (၅၀) ရှိအိုက်ငို(ခ) ကူန်းဌေးဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိသူမှာ ၎င်း၏အမျိုးသမီး ဒေါ်အမ်တို့ဖြစ်ကြသည်။

ပန်ဆေးရွာ၏အရှေ့ဘက် (၂) မိုင်ခန့်အကွာတွင် မြန်မာ့တပ်မတော် တပ်မ (၂၄၁၊ ၂၄၂၊ ၂၄၅၊ အမြောက်တပ်နှင့် ဗျူဟာ) တပ်စခန်းတို့ လှုပ်ရှားနေလျှက်ရှိပြီး မည်သည့် တပ်ရင်းက ပစ်ခတ်လာသည်ကို သေချာမသိရဘဲ လက်နက်ကြီးသည် ၎င်းတို့တပ်လှုပ်ရှားရာဘက်မှ ဦးတည်လာသည် ဟု ၎င်းမှဆက်လက်ပြောကြားသည်။

ကမ္ဘာအေး၊ လွယ်ဆမ်ဆစ်နှင့် မန်ပန်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားလျှက်ရှိပြီး ပန်ဆေးကျေးရွာဘက်တွင် တိုက်ပွဲဖြစ်ပွားမူမရှိဘဲ လက်နက်ကြီးဖြင့်သာ
တစ်ဖက်သတ်ပစ်ခတ်ခြင်း ဖြစ်သည်ဟု ဒေသခံများမှ ပြောသည်။