မြန်မာ့တပ်မတော် တပ်မ (၈၈) ခေါ်ဆောင်သွားသည့် ရွာသားတစ်ဦး မိုင်းထိပြီး ဒဏ်ရာရရှိ

တအာင်း(ပလောင်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ကောင်ကလောင်းအုပ်စု ငေါ့စဗစ်ကျေးရွာသား ၂ ဦးသည် ဇန်နဝါရီ ၂၄ ရက် ၂၀၂၀ ခုနှစ်တွင် မြန်မာ့တပ်မတော် တပ်မ (၈၈) ၏ လမ်းပြအဖြစ် လိုက်သွားရာ မိုင်းပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဖြစ်စဉ်တွင် မြန်မာ့တပ်မတော် တပ်မ (၈၈) မှ ငေါ့စဗစ်ကျေးရွာသို့ ရောက်လာပြီး ၎င်းတို့ စစ်ကြောင်းကို လမ်းပြအဖြစ် ခဏ ပို့ပေးရန် ရွာသား (၂) ဦးအား ကျေးရွာ ဥက္ကဌနှင့်အတွင်းရေးမှူးထံ တောင်းဆိုခဲ့သည်။ သို့သော် ၎င်းရွာသား (၂) ဦးကို ချက်ချင်းပြန်မလွှတ်ပေးဘဲ ဆက်လက်ခေါ်သွားရာမှ ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကျောက်လုံးကြီးနှင့် စိန်စိကျေးရွာကြား အရောက် မိုင်းပေါက်ကွဲမှုဖြစ်ပြီး ရွာသားတစ်ဦးအား ထိခိုက်ခဲ့သည်။

ဒဏ်ရာရရှိသူရွာသားကို ကူညီပေးသူတစ်ဦးမှ “ သူတို့နှစ်ယောက်ကို လမ်းပြအနေနဲ့ ခဏလေးပဲ ခေါ်သွားမယ်ဆိုပြီး ပြောသွားတယ်၊ ဒါပေမဲ့ နှစ်ရက် တစ်ည သွားခဲ့ရတယ်၊ တစ်ယောက်နဲ့ တစ်ယောက်လည်း မမြင်ရဘူး၊ စစ်သားတွေကြားမှာ ခြားပြီး သွားရတယ်၊ နောက်မှာပါလာတဲ့ တစ်ယောက်တော့ ဘာမှ မဖြစ်ဘူး၊ ဒဏ်ရာရတဲ့သူက အရှေ့ကနေ သွားတဲ့တစ်ယောက်ဖြစ်တယ်၊ ဒဏ်ရာရတဲ့ တစ်ယောက်ကို ကျတော်တို့က စိန်စိရွာအထိ သွားကြိုပေးရတယ်” ဟုပြောသည်။

၎င်းငေါ့စဗစ်ကျေးရွာတွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် မြန်မာ့တပ်မတော် တပ်မ (၈၈) မှ ကျေးရွာအတွင်းရှိ ပြည်သူလူထုများ၏ ဆန်အိတ်၊ ဆိုလာပြား၊ ဘတ်ထရီ၊ ဖုန်း စသည့် အိုးအိမ်ပစ္စည်းများနှင့် ဆိုင်အတွင်းရှိ ကုန်ခြောက်ပစ္စည်းများကို သိမ်းယူ ဖျက်ဆီးခဲ့သော်လည်း ဖုန်းလည်းမရှိသည့်အပြင် ကျေးရွာနှင့် မြို့အလှမ်းဝေးသည့်အတွက် မည်သူမျှ သတင်းမရရှိခဲ့ပေ။