တောင်ယာထဲမှာ ပစ်သတ်ခံရပြီး မြှုပ်ထားတဲ့ ဒေသခံရုပ်အလောင်းတစ်ဦးကို တူးဖော်တွေ့ရှိ
လွန်ခဲ့တဲ့ သြဂုတ်လ ၃၀ ရက်နေ့တုန်းက ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင် မိုင်းယော်တိုက်နယ် ပန်သပြေအုပ်စု ဖာလိုင်ကျေးရွာမှာ မြန်မာ့တပ်မတော်က ကိုအထွန်း အသက် ၃၃ နှစ်ကို တောင်ယာထဲတွင် ပစ်သတ်ပြီး အလောင်းကို တောင်ယာထဲတွင် မြှုပ်နှံထားတယ်လို့ သိရပါတယ်။
ကိုအထွန်းက တောင်ယာထဲမှာ သွားအိပ်နေတဲ့အချိန် နောင်ချိုကျေးရွာဘက်ကနေ လာတဲ့ မြန်မာ့တပ်မတော်က ၎င်းကို ပစ်သတ်ပြီး တောင်ယာထဲမှာပဲ မြှုပ်နှံထားသောကြောင့် ရွာသားတွေက စက်တင်ဘာလ ၇ ရက်နေ့မှာ အလောင်းကို တူးဖော်တွေ့ရှိခဲ့ပါတယ်။
ပန်သပြေကျေးရွာအုပ်စုရှိ တာဝန်ရှိသူတစ်ဦးမှ “ အထွန်းက သူအမြဲတမ်းတောင်ယာထဲမှာ သွားအိပ်တတ်တာ၊ ရွာမှာသိပ်မနေဘူး၊ တခါတလေကျတော့ တောင်ယာအနီးအနားက ရွာမှာ သွားအိပ်တက်တယ်၊ အဲ့ကြောင့် သူသတ်ခံရတာ ကျနော်တို့ မသိရဘူး၊ ရွာဘက် ပြန်မလာတာ တစ်ပတ်လောက်ရှိပြီ၊ အဲဒါနဲ့ သူများရွာကို မေးကြည့်တော့ သွားမအိပ်ဘူးလို့ သိရတဲ့အချိန်မှ ကျနော်တို့ လိုက်ရှာကြည့်တော့ တောင်ယာနီးနားမှာ အနံ့ရနေတယ်၊ အဲဒါနဲ့ သေချာရှာကြည့်တော့မှ မြှုပ်ထားတဲ့ သူ့ရုပ်အလောင်းကို သွားတွေ့လိုက်တာ” လို့ ပြောပါတယ်။
စက်တင်ဘာလ ၇ ရက်နေ့မှာ ပုပ်သိုးနေတဲ့ ကိုအထွန်းရဲ့ ရုပ်အလောင်းကို ပြန်လည်တူးဖော်ခဲ့ရာတွင် ခန္ဓာကိုယ်ရဲ့ အရှေ့ဘက်မှာ သေနတ်နဲ့ ပစ်ခံထားတဲ့ ဒဏ်ရာတွေ့တယ်လို့ ၎င်းက ဆက်ဆိုပါတယ်ဒီဖြစ်စဉ်နည်းတူ သြဂုတ်လ ၃၀ ရက်နေ့တုန်းက ပန်သပြေအုပ်စု မန်ကန်ကျေးရွာမှာ ကျွဲကျောင်းရန် သွားနေတဲ့ မိုင်းပန်းဆာ အသက် ၂၀ နှစ်ကို မြန်မာ့တပ်မတော် တပ်ရင်း (၃၆၁)မှ လမ်းမှာ ပစ်သတ်ခဲ့ပြီး အလောင်းအား မီးရှို့ခဲ့ပါတယ်။
ရွာသားနှစ်ဦး ပစ်သတ်ခံရတဲ့အပေါ်မှာ ပစ်မှုကျူးလွန်တဲ့ အဖွဲ့အစည်းကို အရေးယူပေးရန်နှင့် ကျန်ရှိနေတဲ့ ၎င်းတို့ရဲ့ မိသားစုစားဝတ်နေရေးအတွက် ထောက်ပံ့ပေးစေလိုတယ်လို့ ကျေးရွာလူကြီးက တောင်းဆိုခဲ့ပါတယ်။