ကျွဲကျောင်းသွားနေသည့် ရွာသားနှစ်ဦးကို မြန်မာ့တပ်မတော်မှ ပစ်ခတ် တစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့
သြဂုတ်လ ၃၀ရက်နေ့ နံနက် (၉) နာရီအချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းယော်မြို့နယ် ပန်သပြေအုပ်စု မန်ကန်ကျေးရွာနေ မိုင်းပန်းဆာနှင့် မိုင်းအိုက်အောင်တို့ကို မြန်မာ့တပ်မတော် ခမရ (၃၆၁)မှ ပစ်ခတ်မှုကြောင့် တစ်ဦးပွဲချင်းပြီးသေဆုံးကာ တစ်ဦးထွက်ပြေးလွတ်မြောက်ခဲ့သည်။
ဖြစ်စဉ်မှာ မန်ကန်ကျေးရွာမှာနေထိုင်တဲ့ မိုင်းအိုက်အောင်နှင့် မိုင်းပန်းဆာသည် ကျွဲကျောင်းသွားစဉ် နောင်ချိုကျေးရွာနှင့် မန်နားကျေးရွာကြားတွင် မြန်မာ့တပ်မတော် စစ်ကြောင်းများနှင့် တိုး၍ ရပ်ကြည့်ကာ အနောက်ဘက်မှ ရောက်လာသော စစ်ကြောင်းများမှ မေးမြန်းပြောဆိုခြင်း မရှိဘဲ ပစ်ခတ်လိုက်သည်။
ထွက်ပြေးလွတ်မြောက်လာသည့် မိုင်းအိုက်အောင် ပြောပြချက်အရ “ကျနော်တို့ နှစ်ယောက်က ကျွဲသွားကျောင်းမယ်ပေါ့၊ လမ်းမှာ စစ်သားတွေတွေ့တော့ ကျနော်တို့နှစ်ယောက်က ရပ်ပေးလိုက်တယ်၊ ရှေ့တစ်ဖွဲ့ကဖြတ်သွားတော့ ဘာမှမဖြစ်ဘူး၊ နောက်ကရောက်လာတဲ့အဖွဲ့က ကျနော်တို့နှစ်ယောက်ကို လှမ်းပစ်လိုက်တာ ပန်းဆာကို ထိသွားတယ်၊ ကျနော်လဲ ထွက်ပြေးလို့ လွတ်လာတာ၊ ရွာပြန်ရောက်တော့ ရွာလူကြီးတွေကို ပြောပြတယ်၊ သူတို့ဘာကြောင့်ပစ်လဲတော့ ကျနော်မသိဘူး၊ ကျနော်တို့နှစ်ယောက်ကို ဘာမှမပြောမဆိုဘဲ ပစ်တာ” ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းထံ ပြောသည်။
မြန်မာ့တပ်မတော်မှ မိုင်းပန်းဆာ၏ ရုပ်အလောင်းကို မီးရှို့နေချိန်တွင် နောင်ချိုရွာနှင့် မန်နားရွာကြား လမ်းအသွားအလာကို ခွင့်မပြုတော့ဘဲ လမ်းကြောင်း ပိတ်လိုက်သည်ဟုလည်း ဒေသခံများပြောပြချက်အရ သိရသည်။
မန်ကန်ကျေးရွာ အုပ်စုဥက္ကဌဖြစ်သူ တာကူန်းခမ်းမှ “အိုက်အောင်က ပြန်လာပြောတော့၊ ကျနော်တို့ ချက်ချင်း သွားကြည့်မလို့ ဒါပေမယ့် ဗမာစစ်သားတွေက ပေးမသွားဘူး၊ အဲ့ဒီနောင်ချိုနဲ့ မန်နားရွာကြားမှာ သူတို့လမ်းပိတ်လိုက်တယ်၊ ဘယ်သူမှပေးမဖြတ်ဘူး၊ အဲ့အချိန်မှာ သူတို့က မိုင်းပန်းဆာရဲ့ ရုပ်အလောင်းကို မီးရှို့နေတာ၊ ညနေ ၄ နာရီလောက်မှ ကျနော်တို့သွားရတယ်၊ သွားကြည့်တော့ မိုင်းပန်းဆာရဲ့ အရိုးပဲတွေ့တော့တယ်၊ လမ်းဘေးမှာပဲ သူတို့မီးရှို့ပေးတာ” ဟုပြောသည်။
၎င်းတို့နှစ်ဦးကို မြန်မာ့တပ်မတော် ခမရ (၃၆၁) ပစ်ခတ်ခဲ့သည်ဟု မန်နားကျေးရွာ အနီး ဒေသခံများ ပြောပြချက်အရ အတည်ပြုပြောဆိုနိုင်သည်။
ကျေးရွာဥက္ကဌမှ မိုင်းပန်းဆာ၏ ဖြစ်စဉ်အတွက် တရားမျှတမှု ရရန်အတွက် တအာင်းလူမှုအသိုင်းအဝိုင်း များအားလုံးကို ဆောင်ရွက်ပေးပါရန် တိုက်တွန်းလိုကြောင်း မေတ္တာရပ်ခံအပ်ပါသည်ဟု ထပ်မံပြောဆိုသည်။
သြဂုတ်လ ၂၉ရက်နေ့တွင် မန်နားဆိုင်ကျေးရွာအနီးမှာ မြန်မာ့တပ်မတော် နှင့် တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တာရှိပြီး ထိုဒေသတွင် မန်ပန်ပြည်သူ့စစ်၊ သျှမ်းပြည်တပ်မတော်(SSPP)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်တို့ အပါအဝင် တပ်မတော်စစ် ကြောင်းလည်း အမြဲတမ်း သွားလာလှုပ်ရှား ရာဒေသတစ်ခုဖြစ်သည်။