RCSS/SSA တပ်ဖွဲ့မှ နမ္မတူမြို့နယ်အတွင်းရှိ ကျေးရွာ (၉) ရွာမှာ ဆက်ကြေး
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံအုပ်စုနှင့် ချောင်းဆာအုပ်စုထဲက မီးသွေးလုပ်ငန်း လုပ်နေသူများ ကုန်စုံဆိုင် ပန့်ဆီဆိုင်အပြင် နေ့စဉ်ပုံမှန် သာမန်လုပ်ကိုင်စားသောက်နေသူများကို RCSS/SSA တပ်ဖွဲ့က ၂၀၂၁ ခုနှစ် ကာလပတ်လုံးအတွက် ဆက်ကြေးကောက်ခံဖို့ ရွာသားများကို အစည်းအဝေးခေါ်ယူပြီး ပြောသွားခဲ့ တယ်လို့ ဒေသခံကနေတစ်ဆင့် သိရပါတယ်။
ပန်လုံအုပ်စုထဲက မန်ဆာ၊ နားခိုလျှံ၊ ပန်သပြေကျေးရွာနှင့် ချောင်းဆာအုပ်စုထဲက ပန်ကိုင်၊ ရေအိုး၊ ညောင်ပန်လှ၊ မာန်လီကျေးရွာမှ ဒေသခံများကို အစည်းအဝေးမှာ တက်ရောက်ဖို့ တိုက်နယ် အမှတ်(၃) တိုက်နယ်မှူး စိုင်းဆိုင်ဖ ဦးဆောင်တဲ့ RCSS/SSA တပ်ဖွဲ့က ဆင့်ခေါ်ခဲ့တာ ဖြစ်ပါတယ်။
RCSS/SSA တပ်ဖွဲ့မှ ၂၀၂၁ ခုနှစ်အတွင်း လုပ်ငန်းအလိုက် တစ်နှစ်စာအခွန်ပေးဆောင်ရမှာ ဖြစ်ပြီး ဆန်ရောင်း ဝယ်ရေး လုပ်ကိုင်သူများကို တစ်နှစ်စာ ၄ သိန်းခွဲ၊ သစ်ဖြတ်စက် သိန်း ၃၀ နှင့် ချိန်းဆော ကျပ် ၃ သိန်း၊ ပန့်ဆီဆိုင် ၆ သိန်း၊ ရိုးရိုးဓာတ်ဆီဆိုင် ၂ သိန်း၊ ဆိုင်ကယ်ဝပ်ရှော့ဆိုင် ၂ သိန်းကျပ်၊ ထုံး ၁ဖိုလျှင် ၇ သိန်း၊ ဝက်သားရောင်းသူ ၇ သိန်း၊ ခဲျရောင်းသူ ၇ သိန်း နှင့် ၂ လုံးရောင်းသူ ကျပ် ၂ သိန်း ပေးဆောင်ရမယ်လို့ အစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။အစည်းအဝေးတက်ရောက်ခဲ့တဲ့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက” ဒီကိစ္စက အားလုံးစိတ်ညစ်နေကြတယ်၊ ကျနော်တို့ရွာမှာ မီးသွေးဖုတ်တဲ့အိမ်တွေကို တစ်ဖိုကို သုံးသိန်း ဆက်ကြေးပေးဆောင်ရမယ်တဲ့၊ မီးသွေးဖိုက တစ်ကျင်းမှာ ၁၅ အိတ်လောက်ပဲထွက်တယ်၊ ထင်းဆိုလည်း သူတို့က အပင်ကြီးတွေကို မခုတ်ရလို့ ကန့်သတ်ထားတာ၊ ထင်းခုတ်ရောင်းလို့မရဘူး အိမ်သုံးလောက်ပဲ ခုတ်လို့ရတာဆိုတော့ ဘယ်မှာပိုက်ဆံယူပြီး သွားဆောင်ရမလဲ၊ ပိုက်ဆံအပြင် တစ်အိမ်ကို ဆန်တစ်တင်းခွဲလဲ ကောက်သေးတယ်” လို့ ပြောပါတယ်။
RCSS/SSA မှ ဒီဇင်ဘာလ ၃ ရက်နေ့ တစ်ကြိမ် ၇ ရက်နေ့တွင် တစ်ကြိမ် ပန်လုံကျေးရွာရှိ ရှမ်းဘုန်းကြီးကျောင်းမှာ အစည်းအဝေးပြုလုပ်ပြီး အဆိုပါ ဆက်ကြေးတွေကို သက်ဆိုင်ရာ ကျေးရွာတာဝန်ရှိသူများကို ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ပေးဆောင်ရမှာဖြစ်ပြီး တစ်နှစ်ကို ၃ ခါ ခွဲဝေပြီး ပေးသွင်းနိုင်တယ်လို့ ပန်လုံဒေသခံတစ်ဦးက ပြောပြခဲ့ပါတယ်။
ညောင်ပန်လှဒေသခံတစ်ဦးမှ ” ဒီနှစ်က ခါတိုင်းနှစ်နဲ့မတူတော့ ရွာမှာ လုပ်ကိုင်စားသောက်ရတာ အရမ်း ခက်ခဲတယ်၊ ရောဂါဖြစ်နေတော့ တရုတ်ပြည်လည်း သွားလို့မရဘူး၊ တောထဲသွားရင်လည်း မြေမြှုပ်မိုင်းတွေ ရှိနေတော့ ဘာမှလုပ်ကိုင်စားသောက်လို့ မရဘူး၊ တာဝန်ရှိတဲ့သူတွေအနေနဲ့ အခွန်ပေးခိုင်းတဲ့ ကိစ္စကို ပြန်လည်ရုပ်သိမ်းပေးပါလို့ မေတ္တာရပ်ခံတောင်းဆိုတယ် ကျနော်တို့ အရမ်းဒုက္ခရောက်နေကြတယ်” လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းကို ယခုလို ပြောဆိုပါတယ်။
လတ်တလောတွင် နမ္မတူမြို့နယ် ပန်ကွတ် နှင့် နားကျဲကျေးရွာအနီးတစ်ဝိုက်မှာ RCSS/SSA နှင့် PSLF/TNLA တို့အကြား တိုက်ပွဲဖြစ်ပွားတာတွေ ရှိနေပါတယ်