ကောက်ရတဲ့မိုင်းဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပြီး ကိုရင်တစ်ပါးနှင့် လူတစ်ဦး ဒဏ်ရာရကာဆေးကုသမှုခံနေရ
နမ့်ဆန်မြို့နယ် ကောင်ကလောအုပ်စု ငေါ့စဗစ်ကျေးရွာတွင် ကိုရင်တစ်ပါးနှင့် ရွာသားတစ်ဦး မိုင်းပေါက်ကွဲရာ ဒဏ်ရာပြင်းထန်သဖြင့် အောက်တိုဘာ ၉ရက်နေ့ နမ့်ဆန်ဆေးရုံမှ လားရှိုးဆေးရုံသို့ ည (၈)နာရီတွင် ဆေးကုသရန် ရောက်ရှိကြောင်း သိရသည်။
မိုင်းအိုက်နေသည် လက်ဘက်ခြံရမ်းနေစဉ် ဗုံးတစ်လုံးတွေ့မိသဖြင့် အိမ်သို့သယ်လာခဲ့သည်။ နေ့လယ်ထမင်းနားပြီးချိန်တွင် ၎င်းဗုံးကို မိုင်းအိုက်နေဆိုသူက ထုသဖြင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဘေးတွင်ထိုင်နေသော ကိုရင်နှင့် ၎င်းအား ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ခြင်း ဖြစ်ပါသည်။
ကျေးရွာအုပ်ချုပ်ရေးမှူးပြောပြချက်အရ“ လက်ဘက်ခြံကနေ ကောက်လာတာ၊ ထမင်းစားပြီးတဲ့အချိန်မှာ သူက အဲ့ဗုံးကို အိုက်နေကထုတာ၊ အဲ့ကြောင့် ပေါက်သွားတာ၊ ကိုရင်ကတော့ သူ့ဘေးမှာ ထိုင်နေုလို့ အဲ့ကြောင့် ကိုထိတာ၊ တစ်ခြားဘယ်သူမှ မထိဘူး၊ သူကိုတော့ အများကြီးထိသွားတာပေါ့၊ ကိုရင်တော့ ဒူးခေါင်းပဲထိတာ” ဟုပြောသည်။
ရွာနှင့် နမ့်ဆန်မြို့သို့ အလှမ်းဝေးသဖြင့် ကားမရှိသောကြောင့် ထမ်းစင်ဖြင့် လူကိုယ်တိုင်ထမ်းပြီး နံနက် ခုနှစ်နာရီကတည်းက တက်လာရပြီး နမ့်ဆန်ဆေးရုံတွင် မနိုင်သဖြင့် လားရှိုးဆေးရုံသို့ လွဲပေးရာ ကြက်ခြေနီအသင်း၏ ကားဖြင့် ပို့ဆောင်ပေးရကြောင်း ကြက်ခြေနီအသင်း ဥက္ကဌ ဦးကြာတီပြောပြချက်အရသိရသည်။
အသက်၁၇နှစ်ရှိမိုင်းအိုက်နေသည် မျက်နှာတစ်ခုလုံး၊လက်နှစ်ဖက်၊ ညာခြေထောက်တွင်သော်လည်းကောင်း အသက်(၁၄)နှစ်ရှိကိုရင်သည် ဘယ်ဒူးခေါင်းတွင် သော်လည်းကောင်း ဒဏ်ရာအသီးသီး ရရှိခဲ့သည်။
ဆွေးမျိုးတော်စပ်သူ လူနာစောင့် ပြောပြချက်အရ“ အိုက်နေက ဒဏ်ရာတော်တော်များတော့၊ ဒီနေ့ချိန်ထိ စကားကောင်းကောင်း မပြောနိုင်သေးဘူး၊ အစားလဲကောင်းကောင်း မစားနိုင်သေးဘူး၊ ဆရာဝန်ကတော့ ဘာမှ လာပြောပြတာမရှိသေးဘူး၊ သူတို့ ဘယ်နေ့ဆင်းရမလဲ မသိသေးဘူး၊ ပြီးတော့ သူတို့မိသားစုလဲ သိပ်အဆင်မပြေဘူး” ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းထံသို့ ပြောသည်။
ဗုံးတွေ့ရှိသောနေရာသည် လွန်ခဲ့သည့် ၂၀၁၉ ဒီဇင်ဘာလတွင် မြန်မာ့တပ်မတော် တပ်မ (၈၈) နှင့် တအာင်းတပ်မတော် တပ်မဟာ (၂) တို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲအပြန်အလှန် ဖြစ်ပွားကာ လက်နက်အမြောက်အများကျကျန်နေခဲ့သည့် နေရာဖြစ်သည်ဟု လည်းထပ်မံသိရှိရသည်။