လက်နက်ကြီးစထိမှန်ရာမှ ရွာသားတစ်ဦးဆေးကုသမှု ခံယူနေရ

လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ကျောက်မဲမြို့နယ် ပန်ခဲကျေးရွာနေ ဦးကြာအေးနေအိမ်ကို ထိမှန်သည့်အပြင် ၎င်းကိုယ်တိုင်လည်း ကျောက်မဲဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု သိရသည်။

အောက်တိုဘာလ ၄ရက် မွန်းလွဲ (၂) နာရီခန့်တွင် မြန်မာ့တပ်မတော်နှင့် RCSS/SSAတို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားရာ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဦးကြာအေးနှင့် ၎င်း၏နေအိမ်ကိုထိမှန်ခဲ့သည်။

ကျောက်မဲ ဂရုဏာ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင်မောင်သိန်း ပြောပြချက်အရ “ မနေ့ နေ့လယ် ၂နာရီလောက်မှာ တိုက်ပွဲတွေဖြစ်တာ၊ တိုက်ပွဲဖြစ်ရင်းနဲ့ လက်နက်ကြီးက သူ့အိမ်ပေါ်ကို ကျလာတာ၊ သူ့ရဲ့ ဝမ်းဗိုက်ရယ် ညာခြေထောက်နဲ့ ဦးခေါင်းတွေ ထိထားတယ်၊ ဒီနေ့အချိန်ထိ လူနာက သတိသိပ်မရသေးဘူး၊ သူ့ကိုလဲ အကြောင်းစုံမေးလို့ မရသေးတော့၊ ဒီလောက်ပဲ သိထားတယ်” ဟုပြောပြသည်။

ဦးကြာအေးသည် ရှမ်းလူမျိုးဖြစ်ပြီး လက်ရှိမှာ ဒဏ်ရာပြင်းထန်သဖြင့် သတိကောင်းကောင်း မရသေး သည်ကိုလည်း ထပ်မံသိရှိရသည်။

မည်သည့် တပ်ဖက်မှ လက်နက်ကြီးကျည်စဖြစ်မှန်း မသိရသေးသလို ဦးကြာအေး၏ နေအိမ်သည်လည်း မည်မျှထိခိုက် ပျက်စီးသွားသည်ကိုလည်း မသိရသေးဘူးဟု ၎င်းမှ ဆက်လက်ပြောကြားသည်။

ကျောက်မဲမြို့နယ်တွင် မြန်မာ့တပ်မတော်၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော်၊ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တို့ လှုပ်ရှားလျှက်ရှိပီး ထိုနေ့တွင် မြန်မာ့တပ်မတော်နှင့် RCSS/SSA တို့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။