ပန်ချင်ကျေးရွာအတွင်း လက်နက်ကြီး ၆ လုံးကျပြီး နေအိမ်အချို့နဲ့ ဘုန်းကြီးကျောင်းပျက်စီးခဲ့
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့တုန်းက ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း နားဆိုင်းအုပ်စု ပန်ချင်၊ လုပ်လေကျေးရွာအနီးရှိ လမ်းမကြီးတစ်လျှောက်မှာ TNLA နှင့် RCSS တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ပန်ချင်ကျေးရွာအတွင်း လက်နက်ကြီး (၆) လုံး ကျခဲ့ပြီး နေအိမ်အချို့နှင့် ဘုန်းကြီးကျောင်း ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက “ဒီတလော တိုက်ပွဲတွေ တောက်လျှောက် ဖြစ်ခဲ့တယ်၊ ကျနော်တို့လည်း ရွာမှာမနေရဲတော့ဘူး၊ တိုက်ပွဲဖြစ်ရင် ပြေးသွားလိုက် တိုက်ပွဲငြိမ်လာရင် ပြန်လာလိုက်နဲ့ လုပ်နေရတယ်၊ အလုပ်လဲ မဖြစ်ဘူး၊ အခုလောလောဆယ်တော့ နားဆိုင်းကနေ ပြန်ဖို့ပြင်နေတယ်၊ ရွာအထိ ပြန်ရမရတော့ မသိသေးဘူး ရွာထဲမှာ တစ်ချို့အိမ်နဲ့ ဘုန်းကြီးကျောင်းက ထိခိုက်ပျက်စီးကုန်တယ်၊ ရွာပြန်ရင်လည်း မလုံခြုံ သလို ခံစားရတယ်” လို့ပြောပါတယ်။
ပန်ချင်ကျေးရွာထဲမှာ ကျလာတဲ့ လက်နက်ကြီးသည် ဘယ်လက်နက်ကိုင်တပ်ဖွဲ့က အသုံးပြုနေတဲ့ ပစ္စည်းတွေဆိုတာ မသိရသလို နှစ်ဖက်တပ်ဖွဲ့လည်း ကျေးရွာအတွင်းမှာ အမြဲတမ်းလိုလို အဝင်အထွက် ရှိနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ယနေ့အချိန်ထိ ပန်ချင်ကျေးရွာအတွင်းမှာ မပေါက်သေးတဲ့ သေနတ်ကျည်ဆံတွေလည်း ကျန်နေသေး တယ်လို့ သူက ဆက်ပြောပါတယ်။
၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် နမ္မတူမြို့နယ် နားကျဲကျေးရွာအတွင်းမှာ TNLA နှင့် RCSS တို့အကြား တိုက်ပွဲ တစ်ဖန်ပြန်လည်ဖြစ်ပွားရာမှ ယနေ့အချိန်ထိ စစ်ရေးတင်းမာနေခဲ့တာ ဖြစ်ပါတယ်။
အလားတူ ကျောက်မဲမြို့နယ် လွယ်အံ(တင်း)အုပ်စုအတွင်းမှာ ဒီဇင်ဘာ ၂၅ ရက်နေ့မှ စတင်ပြီး TNLA နှင့် RCSS တို့တပ်ဖွဲ့အကြား စစ်ရေးစတင်တင်းမာခဲ့ပြီး ရွာသားတွေက ကျောက်မဲမြို့ပေါ်သို့ နေ့စဉ် ထွက်ပြေးနေရပြီး ယနေ့အချိန်အထိ လူဦးရေ ၁၆၀၀ ကျော်အထိ ရှိနေပြီ ဖြစ်ပါတယ်။