တိုက်ပွဲတင်းမာမှုကြောင့် နေ့စဉ်ထွက်ပြေး တိမ်းရှောင်နေရသည့် ဒေသခံများ အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများ လိုအပ်နေ

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့ကြား နေ့စဉ်ဆက်တိုက်ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ဇန်နဝါရီ ၂ ရက်နေ့မှ စ၍ ယနေ့အချိန်ထိ ကျောက်မဲမြို့နယ် ကုန်းသာကျေးရွာသစ် ဒေသခံ (၁၀၀) ကျော်ထွက်ပြေး တိမ်းရှောင် နေရသည်။

RCSS မှ ကုန်းသာကျေးရွာထိပ်တွင် နေရာယူထားပြီး နေ့စဉ် သေနတ်သံကြားနေရသောကြောင့် ဒေသခံ များမှ ထိတ်လန့်ပြီး ကျေးရွာတွင် မနေရဲတော့ဘဲ အုမ်းငန်းကျေးရွာသို့ ထွက်ပြေး တိမ်းရှောင်နေကြကြောင်း သိရသည်။

ကုန်းသာဒေသခံ မိုင်းလှကျော်မှ “ ၂ ရက်နေ့ မနက် (၅) နာရီကတည်းက သေနတ်သံ စကြားနေရတယ်၊ ရွာကလူတွေလည်း အကုန်လုံးထိတ်လန့်နေကြတယ်၊ ပြီးတော့ ရှမ်းစစ်သားတွေ ရွာထိတ်မှာ နေပြီး ရွာထဲမှာလည်း ဝင်နေတော့ ဘယ်သူမှ ရွာကို မပြန်ရဲကြသေးဘူး” ဟု ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံများအား လာရောက်ကူညီပေးသည့် အဖွဲ့အစည်းမရှိသေးဘဲ အစားအသောက်၊ အသုံးအဆောင်ပစ္စည်းများနှင့် အခြားလိုအပ်ချက်များစွာ ရှိသည်ဟု သိရသည်။

စစ်ဘေးရှောင်အား ကူညီပေးသူ အုမ်းငန်းရွာသားတစ်ဦးမှ “ ဘယ်အဖွဲ့မှ လာမကူသေးတော့ လောလောဆယ် ကျတော်တို့ ရွာထဲကဘဲ တစ်အိမ်ကို ဆန် (၁) ပြည်စီ ကောက်ပြီး ကူညီပေးတယ်၊ တချို့သူလည်း ဟင်းရွက်တွေ လာကူပေးကြတယ်၊ ဒါပေမဲ့ ရေရှည်အတွက်ဆိုရင် အဆင်မပြေလောက်ဘူး၊ ဘယ်လို ဝိုင်းဝန်းကူညီကြမလဲဆိုတာ စဉ်းစားရမယ်” ဟုပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံများသည် ကျေးရွာကို မည်သည့်အချိန်ထိ ပြန်သွားရမည်ကို မသိရသေးသလို တိုက်ပွဲကိုလည်း အမြန်ဆုံး ရပ်တန့်ပေးစေလိုကြောင်း ပြောသည်။

ထို့အပြင် ကုန်းသာဒေသခံ နှစ်ဦးဖြစ်သူ မိုင်းကျော်ဝင်းနှင့် မိုင်းစံလင်းတို့ကိုလည်း RCSS မှ ဇန်နဝါရီ (၁) ရက်နေ့ ညတွင် ဖမ်းဆီးခေါ်ဆောင်သွားကာ တောင်ပလို့ကျေးရွာထိပ်အရောက်တွင် ၎င်းတို့ နှစ်ဦးမှ ထွက်ပြေးလွတ်မြောက်လာကြသည်ဟု ထပ်မံ သိရသည်။