ရွာသားတစ်ဦး မြင်းလိုက်ရှာချိန် မိုင်းနင်းမိပြီး ဆေးရုံတွင် ဆေးကုသမှု ခံယူနေရ

၂၆ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်က ကျောက်မဲခရိုင် ညောင်မောင်းကျေးရွာနေ အသက် ၃၅ နှစ်အရွယ် ကိုသိန်းအောင် မြင်းလိုက်ရှာရင်း ညောင်မောင်းကျေးရွာ နဲ့ စာတီကျေးရွာကြားရှိ လက်ဖက်ခြံတွင် မိုင်းနင်းမိပြီး ကျောက်မဲဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။

ကိုသိန်းအောင်ရဲ့ အမျိုးတော်စပ်သူတစ်ဦးက “ ရွာနဲ့ သိပ်မဝေးတဲ့ လက်ဖက်ခြံမှာ နင်းမိတာ၊ သူတစ်ယောက်ထဲသွားတာ ကျနော်တို့အသံကြားမှ သွားကြည့်တာ” ဟု ပြောသည်။

ကိုသိန်းအောင်သည် စိတ်ကျန်းမာရေးချို့ယွင်းနေတဲ့သူဖြစ်ပြီး ညာဘက်ခြေ နဲ့ ပေါင်၊ ခါးတွေမှာ ဒဏ်ရာ ရရှိခဲ့ကာ ကျောက်မဲဆေးရုံမှာ ဆေးကုသခံယူနေပြီး မိုင်းအစအနေတွေက ပေါင်ထဲမှာကျန်နေခဲ့လို့ ခြေတွင် စတီးထည့်ရမယ့် အခြေအနေရှိတယ်လို့ သိရပါတယ်။

၎င်းမိုင်းသည် မည်သည့်အဖွဲ့အစည်း အသုံးပြုသည့် မိုင်းဆိုတာကို မသိရပါ။
ယ္ခုလက်ရှိမှာတော့ ညောင်မောင်းကျေးရွာအနီးရှိ လွယ်ရင်းတောင်မှာ RCSS တပ်စွဲထားတဲ့နေရာလည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ လွတ်လပ်ရေးနေ့ ၄ ရက်နေ့ကစပြီး တော့ဆန်ကျေးရွာမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား တစ်ပတ်ကြာ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သားနေအိမ် ၆၀ လုံး ထိခိုက်ပျက်စီးခဲ့တာတွေ ရှိခဲ့ပါတယ်။