ကိုးကန့်တပ်၏ ဒရုန်းဗုံးကြောင့် ဒေသခံ ၂ ဦးသေဆုံး

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် လွယ်ဆိုင်ကျေးရွာတွင်  ကိုးကန့်တပ်မတော် (MNDAA) ၏ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဒရုန်းဗုံးကြောင့် ဒေသခံအမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့ကြောင်း ဖြစ်စဥ်သိရှိသူ ဒေသခံတစ်ဦးမှ ပြောပါသည်။

ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့ ညနေပိုင်းအချိန်တွင် လွယ်ဆိုင်ကျေးရွာဘက်သို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း​ကြောင့် ဘုန်းကြီးကျောင်းနှင့် ဒေသခံနေအိမ်များ ပျက်စီးပြီး  လူငယ်အမျိုသားတစ်ဦးလည်း ဒရုန်းဗုံးထိမှန်သေဆုံးခဲ့သည်ဟု စုံစမ်းသိရှိရသည်။ 

” သူနဲ့ကိုရင်နဲ့က ဘုန်းကြီးကျောင်းမှာနေတာ ဒရုန်းက ၃ လုံးလာတယ်၊ ကိုရင်တော့မထိဘူး၊ ပထမ တစ်လုံးက သူ့ကို ထိပြီးသေသွားတယ်၊ ဘုန်းကြီးကျောင်းလည်း ပျက်စီးတာရှိတယ်၊ အိမ်တွေလည်းပျက်တယ်” ဟု ဆိုပါသည်။

အလားတူ ၁၅ ရက်နေ့တွင်လည်း ကိုးကန့်တပ်ဘက်မှ ပစ်ခတ်လာသည့် လက်နက်ကြီးသည် ဟိုကျန့်ကျေးရွာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာခံ အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးခဲ့ပြီး နေအိမ်များလဲ ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများမှ TWOထံ ပြောပြချက်အရ သိရသည်။

MNDAA တပ်ဖွဲ့၏ ဒရုံးဗုံးနဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသည့် ဒေသခံများ လူဦးရေအရေအတွက် ယခုထက် ရှိနေနိုင်ပြီး ဖမ်းဆီးခံရသည့် အရပ်သားများ၏ အရေအတွက်အတိအကျကိုလည်း TWO မှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။