MNDAA မှနမ့်ဖတ်ကာဒေသခံအမျိုးသား၂ဦးကိုဖမ်းဆီးရိုက်နှက်ခဲ့

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် ထင်းခွဲရန်သွားသည့် အမျိုးသားတစ်ဦးကို MNDAA_ ကိုးကန့်တပ်မတော်မှဖမ်းဆီးခေါ်ဆောင်သွားကာ ရိုက်နှက်ခဲ့သည်ဟု ကာယာကံရှင်ဖြစ်သူထံမှ သိရှိရပါသည်။

ပြီးခဲ့သည့် ၁၆ ရက်နေ့ မနက် ၉ နာရီခွဲအချိန်တွင် နမ့်ဖတ်ကာကျေးရွာ ရပ်ကွက် ၄ တွင် နေထိုင်သည့် ဦးညီ(အမည်လွှဲ)သည် ထင်းခွဲရန် သွားသည့်အချိန်တွင် ကိုးကန့်တပ်မတော်-MNDAA တပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံရကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်းထံကိုပြောပါသည်။

ကာယကံရှင်မှ “ရဲစခန်းနားက ထင်းခွဲဖို့သွားတဲ့အချိန်မှာ ကိုးကန့်တပ်သားတွေ သူတို့အလံစိုက်ထူတဲ့အချိန်နဲ့ တိုးတော့ ဖမ်းခံရတာ။ထင်းခွဲရမယ့်နေရာက သူတို့နေတဲ့နေရာနဲ့နီးတယ်။ ဖမ်းပြီးတော့ တအာင်းတပ်ရဲ့ ရဲစခန်းမှာခေါ်သွားတယ်။ ဖမ်းတဲ့ချိန်က ထောက်လှန်းရေးလုပ်တယ်ဆိုပြီး ဖမ်းတာ။ နင်ထင်းခွဲတာက ဘယ်သူအတွက်ခွဲပေးလဲ စစ်သားတွေအတွက် ခွဲပေးနေတာလားဆိုပြီး မေးတယ်။ ဝါးနဲ့ရိုက်ပြီး တအာင်းစစ်သားခေါင်းဆောင် ဘယ်မှာလဲဆိုတော့ စစ်မေးတယ်။ မသိဘူးပြောလဲ မယုံဘူး၊ ရိုက်ခံရတယ်၊ ရိုက်လိုက်မေးလိုက်မို့ ဘယ်နှချက်ရိုက်ခံရမှန်းတောင် မသိတော့ဘူး၊ လက်ကိုလဲ နောက်ပြန်ချည်ထားတယ်” ဟု ပြောသည်။

ဦးညီ(အမည်လွှဲ)သည် မျက်နှာပြင်၊ ပါးစပ်၊ နောက်ကျော၊ ခြေထောက်နှစ်ဖက်စလုံးတွင် ရိုက်နှက်ခံခဲ့ရပြီး ယနေ့အချိန်ထိ ဒဏ်ရာကြောင့် အစားအစာစားလို့မရသေးသလို ခြေထောက်တွင် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများ ရှိနေသေးသည်ဟု ဆိုပါသည်။

ဦးညီ(အမည်လွှဲ)ကို ရပ်ကွက်နေဘေးအိမ်မှ အသိမိတ်ဆွေတစ်ဦး၏ ထောက်ခံပေးမှသာ အချုပ်မှ ပြန်လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။​

အထက်ပါ ဦးညီ(အမည်လွှဲ)အပြင် လွယ်ကုန်ကျေးရွာမှ အသက် ၄၀အရွယ် ဒေသခံ​အမျိုးသားတစ်ဦးသည်လည်း ဖမ်းဆီးခံရပြီးရိုက်နှက်စစ်ဆေးခြင် ခံခဲ့ရကြောင်း ယခုလို ထပ်မံပြောပါသည်။

“လွယ်ကုန်ဘက်က ယောကျာ်းတစ်ယောက်လဲ ကျနော်နဲ့အတူ ဖမ်းခံရတယ်။ သူလည်းရိုက်ခံရတယ်၊ နာမည်တော့ သေချာမသိဘူးသူ့က ကျနော်နောက်မှ ဖမ်းခံရတယ်၊ သူက ၁၂ နာရီလောက်မှ ဖမ်းခံရတယ်၊ သူ့လည်း တုတ်နဲ့ရိုက်ခံရတယ်၊ အကုန်လုံးဒဏ်ရာတွေရတယ်” ဟု ၎င်းထံမှ သိရှိရပါသည်။

နမ့်ဖတ်ကာကျေးရွာတွင် တအာင်းလူငယ်များသည် နှစ်ဦးအထက်မက ဖမ်းဆီးခံရမှုများရှိနေပြီး စာရင်းတိကျမရရှိသေးသောကြောင့် ဖမ်းဆီးခံရသည့်စာရင်းများကို ဆက်လက်စုံစမ်းပြီး ဖော်ပြသွားမည်။

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *