ကိုးကန့်တပ်မှ ကွတ်ခိုင်မြို့ကို ထိုးစစ်ဆင်ပြီးနောက် ဒေသခံလူငယ်များကို ဖမ်းဆီးခေါ်ဆောင်သွား၊ နေအိမ်များကို ဝင်ရောက်မွှေနှောက်ခဲ့

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် လွယ်ဆိုင်ကျေးရွာနှင့် ပန်းဆေးကျေးရွာ ဒေသခံလူငယ်များအချို့ကို ကိုးကန့်တပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံနေရသည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရပါသည်။

” သူတို့ ဖမ်းတဲ့သူတွေက ယောကျာ်းလေးတွေပဲ၊ ၁၅ ရက်နေ့ညက ဖမ်းသွားတာ ၂ ယောက်ရှိတယ်၊ သူတို့ကအိမ်ပြန်ပြီး စားဖို့ ထမင်းပြန်ချက်တဲ့အချိန်မှာ ဖမ်းခံရတယ်၊ အချိန်တော့သေချာမသိဘူး၊ ၁၇ ရက် နေ့လယ်လောက် ပြန်လွတ်လာတယ်၊ တစ်ယောက်က ခြေထောက်နဲ့ကန်ခံရတယ်၊ တစ်ယောက်က သေနတ်နဲ့ ရိုက်ခံရတယ်၊ နှစ်ယောက်စလုံး ဒဏ်ရာရလာတယ်” ဟု ဆိုပါသည်။

၁၆ ရက် နံနက်ပိုင်းတွင်လည်း လွယ်ဆိုင်ရွာခံ အမျိုးသား ၃ ဦးကို ထပ်မံဖမ်းဆီးသွားပြီး ယနေ့ အချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိသေးပါဟု ၎င်းဒေသခံမှ ယခုလို ထပ်မံပြောပြခဲ့ပါသည်။

“မနေ့ကမနက် မနက်စာ မစားခင်မှာပဲ ကိုးကန့်တွေက နောက်ထပ်ယောကျာ်းလေး ၃ ယောက် ပြန်ဖမ်းသွားတယ်၊ သူတို့ဖမ်းတဲ့ ၃ ယောက်ထဲမှာ မသန်စွမ်းတစ်ယောက်ပါတယ်၊ သူက ကတုတ်ကျင်းမှာ ပုန်းနေတဲ့အချိန်ခေါ်သွားခံရတယ်၊ သူ့အတွက်စိုးရိမ်နေရတယ်၊ စကားကောင်းကောင်းမပြောတတ်တော့ ရိုက်ခံရမှာ ကြောက်ရတယ်” ဟု ပြောပါသည်။

ထို့အပြင် ၁၆ ရက်နေ့ ညနေပိုင်းတွင် ပန်းဆေးကျေးရွာ ဒေသခံနေအိမ်များကို ကိုးကန့်တပ်ဖွဲ့ဝင်များမှ ဝင်ရောက်စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ပန်းဆေးဒေသခံ ၃ ဦးကိုပါ TNLA နဲ ဆက်စပ်မှုရှိသည်ဟု စွပ်စွဲပြီး ထပ်မံဖမ်းဆီးသွားသည်ဟု ဒေသံခံအမျိုးသမီးတစ်ဦးထံ စုံစမ်းသိရှိရသည်။

ဒေသံခံအမျိုးသမီးတစ်ဦးမှ ပြောပြချက်အရ ” ကိုးကန့်စစ်တပ်က ရွာထဲဝင်လာပြီးတော့ အိမ်ထဲဝင်စစ်တယ်၊ ဖုန်းတွေကို ယူစစ်တယ်၊ ပြီးတော့ ရွာသား (၃) ယောက်ကိုလဲ ဖမ်းခေါ်သွားတယ်၊ ပြန်လွှတ်ပေးပြီးလားတော့ မသိရသေးဘူး” ဟု ပြောဆိုပါသည်။

ကိုးကန့်တပ်မတော် (MNDAA) သည် တအာင်းတပ်မတော် (PSLF/TNLA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ကို မတ်လ ၁၄ ရက်နေ့တွင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ပြီးနောက် မြို့အနီးရှိ တအာင်းကျေးရွာများကို ဝင်ရောက်မွှေနှောက်မှုလုပ်နေသလို တအာင်းလူမျိုးများကိုလည်း ဦးတည်ပစ်မှတ်ထားပြီး ဖမ်းဆီးရိုက်နှက်ခြင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *