မူကြိုကျောင်း အနီး မိုင်းပေါက်ကွဲမှုကြောင့် ရွာသားတစ်ဦး သေဆုံး
စက်တင်ဘာလ ၆ ရက် ၂၀၁၇
ယနေ့ မနက် ၆ နာရီခွဲကျော်ခန့်တွင် နမ့်ကတ်အုပ်စု မန်ကန်ကျေးရွာတွင် မိုင်းတစ်လုံးပေါက်ကွဲမှု ဖြစ်ပွားပြီး အသက် (၄၀) နှစ်ခန့်ရှိ ဦးတားညီ ဒဏ်ရာ ပြင်းထန်စွာ ရရှိပြီး သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသည့် ဦးတားညီသည် မူဆယ်မြို့နယ် နမ့်ကတ်အုပ်စု မန်ကန်ကျေးရွာရှိ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆိုင်းဘုတ်အနီးတွင် သစ်ကိုင်းခြောက်နှင့် အမှိုက်ရှင်းလင်းရန် ပြုလုပ်ချိန်တွင် မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွားပြီး ညာခြေထောက်နှင့် ညာလက်ပျက်ကျပြီး သေဆုံးသွားသည်။
ဒေသခံတစ်ဦးပြောချက်အရ “ တားညီက မူကြိုကျောင်းအနီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆိုင်းဘုတ် အနားမှာရှိတဲ့ အမှိုက်တွေ၊ သစ်ကိုင်းခြောက်တွေ မီးရှို့ဖို့ ရှင်းနေတဲ့ချိန် မိုင်းတစ်လုံးပေါက်ကွဲတယ်၊ သူဒဏ်ရာများစွာ ရရှိပြီး မူဆယ် ဆေးရုံတက်ဖို့ သွားတဲ့ချိန် လမ်းတစ်ဝက်မှာဘဲ သေဆုံးသွားတယ်” ဟုပြောသည်။
ထို့နောက် ပေါက်ကွဲမှု မရှိသေးသည့် မိုင်း (၃) လုံးကို မန်ကန်ကျေးရွာနှင့် နမ့်ကတ်ကျေးရွာရှိ ဆိုင်းဘုတ် အောက်တွင်လည်း တွေ့ထား သည်ဟု သိရသည်။ ၄င်းမိုင်းသည် မည်သည့် လက်နက်ကိုင် ထောင်ထားသည့် မိုင်း ဖြစ်သည်ကို သေချာမသိရကြောင်း ဒေသခံမှ ပြောသည်။
ထို့အပြင် မြန်မာ့တပ်မတော် တပ်မ (၈၈)မှ စက်တင်ဘာလ ၄ ရက်နေ့ မှ စ၍ ယခုချိန်ထိ မန်ကန်၊ နမ့်ကတ်၊ စသည့် အနီးနားရှိ ကျေးရွာတွင် နေထိုင်လျက်ရှိနေသည်ဟု သိရသည်။
မှတ်တမ်းနှင့် သုတေသနဌာန
တအာင်းအမျိုးသမီး အဖွဲ့အစည်း