၂ရက်ဆက်တိုက် မိုင်းပေါက်မှုကြောင့် ဒေသခံ ၂ဦး ဆေးကုသမှုခံယူနေရ
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို ့နယ် လုံတောက်ကျေးရွာအနီးတွင် အောက်တိုဘာလ ၁၉ရက်နေ့ မနက် ၈နာရီခွဲခန့် မန်ကန်ကျေးရွာသားနှစ်ဦး လက်ဖက်ခြံရှင်းလင်းရန် သွားနေစဉ် အမည်မသိလက်နက်ကိုင်ထောင်ထားသော မိုင်းနင်းမိကာ ပြင်းထန်စွာ ဒဏ်ရာရရှိကြောင်း သိရသည်။
ဒေသခံတစ်ဦးပြောပြချက်အရ “ဒီမနက် သူတို့လင်မယားနှစ်ယောက်က လက်ဖက်ခြံသွားရှင်းဖို့ သွားကြတာ။ လက်ဖက်ခြံမရောက်ခင်မှာပဲ မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ထိသွားတယ်။ သူ့အမျိုးသမီးကတော့ ဘာမှမဖြစ်ဘူး” ဟု ပြောသည်။
မိုင်းပေါက်ကွဲမှုကြောင့် ဦးအိုက်နွန်း၏ ညာခြေကျင်းဝတ်တစ်ခုလုံး ပြင်းထန်စွာဒဏ်ရာရရှိကာ ဘယ်ခြေထောက် တို့တွင်လည်း မိုင်းစထိမှန်ခဲ့ပြီး လက်ရှိတွင် နမ့်ဆန်မြို ့မဆေးရုံတွင် ဆေးကုသမှုခံယူနေရပါသည်။ မိုင်းပေါက် ကွဲမှုမဖြစ်ခင် ပြီးခဲ့သည့် ၃ရက်တွင် ကျေးရွာအတွင်းသို့ မြန်မာ့တပ်မတော်စစ်ကြောင်းများမှ ကျေးရွာတွင်းသို့ လာရောက်ခိုလှုံခဲ့တာလည်းရှိသည်ဟု သိရသည်။
အဆိုပါ မန်ကန်ကျေးရွာတွင် ၂၀၁၈ခုနှစ်အတွင်း မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူမှာ စုစုပေါင်း (၆)ဦးခန့်ရှိခဲ့ပြီ ဟု သိရသည်။
အလားတူ အောက်တိုဘာလ ၁၈ရက်နေ့ ညနေ ၅နာရီခန့်တွင် ဟိုချောင်းကျေးရွာနေထိုင်သူ မောင်ဝင်းထွေးမှ နမ့်ဆန်မြို ့ပေါ်သို့ ဈေးဝယ်ရန် ဆိုင်ကယ်ဖြင့်သွားရာမှ လမ်းတစ်ဝက်တွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီး သူ၏ ယာလက်ကောက်ဝတ်နှင့် ဝဲယာခြေသလုံးတို့တွင် မိုင်းစထိမှန်ခဲ့ကာ နမ့်ဆန်ဆေးရုံတွင် ဆေးကုသမှုခံယူ နေရဆဲဖြစ်သည်။