တအာင်းအမျိုးသမီးအဖွဲ့အစည်း၏ သတ္တမအကြိမ်မြောက် ညီလာခံ ထုတ်ပြန်ကြေငြာချက်

နေ့စွဲ။ ။ ၁၃ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၁၉ခုနှစ်

တအာင်းအမျိုးသမီးအဖွဲ့အစည်း၏သတ္တမအကြိမ်မြောက်ညီလာခံကို မြို့နယ်အသီးသီးမှ တအာင်းအမျိုးသမီးအဖွဲ့ဝင် ကိုယ်စားလှယ် များ(၆၉)ဦးနှင့် လေ့လာသူ(၂၉)ဦး၊ စုစုပေါင်း(၉၈)ဦး တက်ရောက်ပြီး လားရှိူးမြို့တွင် ၈ရက်မှ ၁၁ရက် ဖေဖော်ဝါရီလ၊ ၂၀၁၉ ခုနှစ်တွင်အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ ညီလာခံမကျင်းပမီ အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကိုလည်း ကျင်းပခဲ့သည်။

ညီလာခံတွင် တက်ရောက်လာသော ကိုယ်စားလှယ်အသီးသီးမှ တအာင်းအမျိုးသမီးအဖွဲ့အစည်း၏ လုပ်ငန်းစဉ်လှုပ်ရှားမှုများ အစီရင်ခံစာတင်သွင်းခြင်းနှင့်သုံးသပ်မေးမြန်းအကြံပြုခြင်း၊ တအာင်းဒေသတွင် ရင်ဆိုင်ကြုုံတွေ့နေရသော အခက်အခဲ အခြေအနေများကို သုံးသပ်ခြင်း၊ တအာင်းအမျိုးသမီးအဖွဲ့အစည်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆွေးနွေးခြင်း အတည်ပြုခြင်းနှင့် တအာင်းအမျိုးသမီးများရင်ဆိုင်နေရသော အကြမ်းဖက်မှုအမျိုးမျိုးကို လျော့နည်းသွားစေရန် ဆွေးနွေးအဖြေရှာခဲ့ကြသည်။ ဤညီလာခံတွင် တအာင်းအမျိုးသမီးအဖွဲ့အစည်းအား ဦးဆောင်သွားမည့် အလုပ်အမှုဆောင် ကော်မတီဝင်(၉)ဦးနှင့် အတွင်းရေးမှူးအဖွဲ့(၃)ဦးတို့ကို ဒီမိုကရေစီနည်းကျ လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်တင်မြောက်ခဲ့ကြသည်။

ညီလာခံတွင် တအာင်းအမျိုးသမီးအဖွဲ့အစည်း၏ ရှေ့လုပ်ငန်းစဉ်များအဖြစ် တအာင်းပြည်သူလူထုနှင့် တအာင်းအမျိုးသမီးများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျားမတန်းတူရေး၊ စစ်မှန်သော ပြုပြင်ပြောင်းလဲရေးနှင့်ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများ ကိ်ုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူရေးတို့အတွက် ပူးပေါင်းလုပ်ဆောင်ခြင်း၊ အမျိုးသမီးများအပေါ်နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများအား ရပ်တန့်ပြီး အမျိုးသမီးခေါင်းဆောင်များ ပေါ်ထွန်းလာစေရေးတို့အတွက် လုပ်ဆောင်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။

လတ်တလောအခြေနေအရ မြန်မာ့တပ်မတော်မှ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအားလုံး(၄)လတာရပ်ဆိုင်းရန် ထုတ်ပြန်ခဲ့ သော်လည်း တအာင်းဒေသတွင် တပ်စခန်းတိုးချဲ့နေမှုများရှိခြင်း၊ တပ်လှုပ်ရှားမှုရှိခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုရှိနေသည်ကို တွေ့မြင် ရပါသည်။ တပ်တိုးချဲ့ဧရိယာအနီးတဝိုက်တွင် နေထိုင်သောပြည်သူလူထု၏ လုံခြုံရေးအတွက် မိမိတို့အဖွဲ့အစည်းမှအထူး စိုးရိမ်မိပါသည်။

ထို့အပြင် ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ရခိုင်ပြည်သူလူထု ဖမ်းဆီးခံရခြင်းနှင့် စစ်ဘေး ရှောင်ပြည်သူ များပြားလာသည်ကို တွေ့မြင်ရသည့်အပြင် ကရင်နီပြည်နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုအား စိုက်ထူလာခြင်းကြောင့် ကရင်နီပြည်နယ်လူငယ်ထုကို အစိုးရတပ်ဖွဲ့မှ အတင်းအဓမ္မဖြိုခွဲခြင်းနှင့် လူငယ်ခေါင်းဆောင်များအား ဖမ်းဆီးခြင်းအပေါ် တအာင်းအမျိုးသမီးအဖွဲ့အစည်းအနေဖြင့် ကန့်ကွက်ရှုတ်ချသည်။

ထို့ကြောင့် တအာင်းအမျိုးသမီးအဖွဲ့အစည်းအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုဟူသမျှကို ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ညီလာခံမှ သဘောထားထုတ်ပြန်အပ်ပါသည်။

အလုပ်မှုဆောင်ကော်မတီ
တအာင်းအမျိုးသမီးအဖွဲ့အစည်း
ဆက်သွယ်ရန် – ဝ၉ ၄၂၀၇၆၂၇၀၈၊ ဝ၉ ၂၅၆၁၂ ၈၅၈၂၊ ဝ၉ ၂၅၈၃ ၇၅၇၉၉