လူငယ် တစ်ဦးကို မြန်မာ့တပ်မတော်မှ ပစ်သတ်ခဲ့

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ည ၉ နာရီအချိန်တွင် ကွတ်ခိုင်မြို့နယ်၊ တားမိုညဲမြို့နယ်ခွဲ ဒေါင်နောအုပ်စု၊ အုမ္မလီးကျးရွာသို့ ရောက်ရှိသောမြန်မာ့တပ်မတော် ကျီကုန်း-ကလေးဝ အခြေစိုက် စကခ(၁၀) လက်အောက်ခံ၊ ခမရ (၃၆၁) မှ တအာင်းလူငယ်တစ်ဦးကို ပစ်သတ်ခဲ့ကြောင်း သိရသည်။

တအာင်း(ပလောင်)တို့၏ ရိုးရာဓလေ့အရ တပို့တွဲလပြည့်ညတွင် ထင်းဖြူမီးရှို့ပွဲကို ဘုန်းကြီးကျောင်းတွင် ကျင်းပရာ (၁၇) နှစ်ရှိ မိုင်းအိုက်ဆုတ်သည် သူငယ်ချင်းနှင့်အတူ သွားလည်ခဲ့ပြီး နေအိမ်သို့ ပြန်လာရာ မြန်မာ့တပ်မတော်နှင့် ထိပ်တိုက်တွေ့ဆုံသောကြောင့် ထိတ်လန့်ပြီး ထွက်ပြေးရာမှ ပစ်သတ်ခံရကြောင်း သိရသည်။

အုပ်ချုပ်ရေးမှူး တစ်ဦး ပြောပြသည်မှာ “ ကလေးက ဘုန်းကြီးကျောင်းမှာ လုပ်တဲ့ ထင်းဖြူမီးပုံပွဲကို သူ့သူငယ်ချင်းတွေနဲ့ သွားလည်ပြီး ပြန်လာကြတာတဲ့၊ ရွာထဲမှာ စစ်တပ်နဲတွေ့တော့ ကြောက်ပြီး ထွက်ပြေးတာ သူ့သူငယ်ချင်းတော့ လွတ်သွားတာပေါ့၊ သူ့ကတော့ သေနတ်ထိပြီး သေသွားတယ်၊ ကျနော်သွားကြည့်တာ ကလေးမိဘတွေက အရမ်းဝမ်းနည်းနေကြတာ ကျနော်အရမ်းစိတ်မကောင်းဖြစ်ရတယ် “ ဟု ပြောသည်။

မြန်မာ့တပ်မတော်မှ သေဆုံးသူ ကလေး၏ အသက်နစ်နာဆုံးရှုံးမှုအတွက် သိန်း (၂၀) ကျပ် တိတိကို ထောက်ပံ့ငွေ အနေဖြင့် ပံ့ပိုးပေးခဲ့ပြီး ကလေး၏မိဘနှင့် ရပ်မိရပ်ဖ များကို တောင်းပန်ခဲ့သည်ဟုလည်း သိရသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ စစ်ဆင်ရေးနယ်မြေ အလိုက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုအားလုံးကို (၄) လသာ ရပ်ဆိုင်းထားမည်ဟု ထုတ်ပြန်ကြေငြာထားသော်လည်း လွန်ခဲ့သော (၃) ရက်တွင် နမ့်ခမ်းမြို့နယ် နမ့်စန့်ကျေးရွာ၌ မြန်မာ့တပ်မတော် တပ်မ ၈၈လက်အောက်ခံ ခမရ(၄၁၆)နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နှင့် အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တအာင်းအမျိုးသမီး အဖွဲ့အစည်း