တိုက်ပွဲဖြစ်ပွားမှုကြောင့် တအာင်းကျေးရွာမှ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရ

ဖေဖော်ဝါရီလ ၁၉ ရက် ၂၀၁၉ ခုနှစ်တွင် SSPP/SSA နှင့် RCSS/SSA တို့အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် နမ့်လန်မြို့နယ်ရှိ လွယ်ငင်းကျေးရွာ၊ ပါကမ် ကျေးရွာနှင့် မန်မိုင်ကျေးရွာတို့မှ ရွာသူရွာသားများသည် မန်လီဘုန်းကြီးကျောင်းသို့ ယနေ့ချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရသည်။

မန်လီအုပ်ချုပ်ရေးမှူး ဦးစိုင်းနောင့်မှ “ ပြီးခဲ့တဲ့ရက်က အလှူရှင်တွေ အစားအသောက်တွေ လာပေးတယ်၊ ပြီးတော့ ဒီမနက်မှာ တခြားအလှူရှင်တွေက အိပ်ယာခင်း၊ စောင်တွေ လာလှူ ကြတယ်၊ အခုလောလောဆယ် လိုအပ်နေတာက တစ်ကိုယ်ရေ သန့်ရှင်းရေး အသုံးအဆောင် ပစ္စည်း၊ အိုး ခွက် ပန်းကန်တွေ လိုအပ်နေတယ်” ဟုပြောသည်။

ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင် အိမ်ထောင်စု (၁၃၂) စု ရှိ လူဦးရေ (၇၂၁) ဦးတို့သည် နေရပ်သို့ပြန်ချင်သော်လည်း မူရင်းကျေးရွာ၏ပတ်လည်တွင် ၄င်းလက်နက်ကိုင် နှစ်ဖွဲ့စလုံး လှုပ်ရှားနေ သောကြောင့် ရွာပြန်ရမည့်အချိန်ကို သေချာမသိရသေးကြောင်း သိရသည်။

လတ်တလောစစ်ဘေးရှောင် ဒုက္ခသည်များ လိုအပ်သည့် တစ်ကိုယ်ရေ သန့်ရှင်းရေး အသုံးအဆောင်ကို တအာင်းအမျိုးသမီး အဖွဲ့အစည်း-T.W.O မှ ကူညီသွားမည်ဖြစ်သော်လည်း တခြားလိုအပ်သည့် အိုး ခွက် ပန်းကန်အတွက် အလှူရှင် လိုအပ်နေသည်။