ပန်ဆေးပြည်သူ့စစ်အဖွဲ့မှ အသက်ကြီးသည့် ရွာသား၂ ဦးကို ရိုက်နှက်
ဦးကျော်မြင့် ဦးဆောင်သည့် ပန်ဆေးပြည်သူ့စစ်မှ နမ့်ခမ်းမြို့နယ် ပတ်မာဒိန်ဆာ အုပ်စု နောင်အန် ကျေးရွာတွင် နေထိုင်သော ရွာသား ၂ ဦးကို ဖေဖော်ဝါရီလ ၁၅ ရက်၊ ၂၀၁၉ ခုနှစ်၊ နေ့လယ် ၂ နာရီအချိန်တွင် ညှဉ်းပမ်းနှိပ်စက်ခဲ့သည်။
အဆိုပါ ရွာသားနှစ်ဦးသည် တအာင်း(ပလောင်)ရိုးရာ ဓလေ့အရ တပိုတွဲလပြည့်ညတွင် ရှို့မည့် ထင်းဖြူကို တောထဲသို့ သွားရှာရာ ကျေးရွာနှင့် မနီးမဝေးတစ်နေရာအရောက်တွင် ပန်ဆေးပြည်သူ့စစ်မှ စစ်ဆေးမေးမြန်းပြီး ရိုက်နှက်ကြောင်း သိရသည်။
ရိုက်နှက်ခံရသည့် ရွာသား ၂ ဦးအနက် တစ်ဦးမှာ နားမကြားသူဖြစ်ပြီး ပန်ဆေးပြည်သူ့စစ်နှင့် ပထမဆုံး တွေ့ဆုံပြီး စစ်ဆေးမေးမြန်းခံရသည့်အချိန်တွင် ကောင်းမွန်စွာ နားမလည်သည့်အတွက် ရိုက်နှက်ခံ ရပြီးနောက်တွင် ဆိုင်ကယ်ဖြင့် အခြားရွာသားတစ်ဦးမှ ထပ်မံရောက်ရှိလာပြီး မည်သည့်စကားမျှ ပြောချိန် မရဘဲ ရိုက်နှက်ခံရသည်။
လူငယ်ခေါင်းဆောင်တစ်ဦးမှ “ အသက် (၆၀) ကျော် ဦးလေးတစ်ယောက်က နားနည်းနည်း လေးနေတာ၊ ရွာပြင်ရောက်တော့ ပန်ဆေးပြည်သူ့စစ်အဖွဲ့နဲ့တွေ့တဲ့ချိန် သူတို့က ပလောင်စစ်သားအကြောင်း မေးနေတာ၊ သူက သိပ်မကြားရတော့ ကောင်းကောင်းပြန်မဖြေတတ်တော့ ရိုက်ခံရတယ်တဲ့” ဟု ပြောသည်။
ထိုရွာသား ၂ ဦးသည် ဦးအိုက်ငိုနှင့် နောက်မှ ဆိုင်ကယ်ဖြင့် ရောက်လာသည့် ကိုအိုက်တို့ ဖြစ်သည်။ ဦးငိုခမ်းသည် မျက်နှာပြင်တစ်ခုလုံးနှင့် ခန္ဓာကိုယ်တွင် သေနတ်ဖြင့် ရိုက်နှက်ခံရသည့်နေရာတွင် ယောင်ပြီး သွေးထွက်ကာ ယနေ့ အချိန်ထိ ဒဏ်ရာမပျောက်သေးဟု သိရသည်။
ပန်ဆေးပြည်သူ့စစ်မှ ၄င်းရိုက်နှက်ခံရသည့် ရွာသား နှစ်ဦးကို ဆေးကုသပေးမှု မရှိသလို လာရောက် တောင်းပန်ခြင်းလည်း မရှိဟု ကျေးရွာ အုပ်ချုပ်ရေးမှူးမှ ပြောသည်။
တအာင်းအမျိုးသမီး အဖွဲ့အစည်း