KIA မှ ဒေသခံများကို ယနေ့တိုင် ဖမ်းဆီးချုပ်နှောင်ထား

၁၀ ရက် မတ်လ ၂၀၁၉ ခုနှစ်
မတ်လ ၁ ရက်နေ့ ၂၀၁၉ ခုနှစ် မှစ၍ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ ပန်ကူ၊ နောင်ခွန်၊ မန်တုံနှင့် အခြားကျေးရွာရှိ ရွာသားများကို ကချင်လွတ်မြောက်ရေး တပ်မတော် KIA မှ ရာနဲ့ချီပြီး ဖမ်းဆီးသွားကြောင်း သိရသည်။

KIA မှ နောင်ခွန်၊ ပန်ကူနှင့် မန်တုံကျေးရွာများရှိ ရွာသား (၁၁) ဦးကို မတ်လ ၁ ရက်နေ့ ၂၀၁၉ ခုနှစ်တွင် ကျေးရွာအတွင်းသို့ လာရောက် ဖမ်းဆီးပြီးနောက် မတ်လ ၅ ရက်နေ့ ၂၀၁၉ ခုနှစ်တွင် ၃၈ မိုင် မန်ပြိန်းကျေးရွာ အနီးရှိ ကြံခင်းမှ ရွာသား (၂၀ဝ) ကျော် ထပ်မံ ဖမ်းဆီးသွားကြောင်း သိရသည်။
လွတ်မြောက်လာသူ တစ်ဦးမှ “ ကချင်စစ်သားတွေ အိမ်ကို ရောက်လာပြီး ကျနော်တို့ ဗိုလ်ကြီးနဲ့ စကားသွားပြောလိုက်ပါဦး ဆိုပြီး ခေါ်တယ်၊ ကျမ မလိုက်ဘူးပြောတော့ အတင်းဆွဲခေါ်သွားတယ်၊” ဟုပြောသည်။

ထိုသို့ လာရောက်ဖမ်းဆီးသွားသည့် အချိန်တွင် အမျိုးသမီးတစ်ဦးမှ ရွာသားများကို အတင်းအကြပ်ဖမ်းဆီးပိုင်ခွင့် မရှိကြောင်း၊ ကိစ္စတစ်ခုခု ရှိပါက သက်ဆိုင်ရာ ရွာလူကြီးများမှ တစ်ဆင့် ပြောဆိုနိုင်ကြောင်း လှမ်းပြောသည့်အခါ သေနတ်ဖြင့် ပြန်လည်ခြိမ်းခြောက်ခဲ့သည်ဟု သိရသည်။
မတ်လ ၁ ရက်နေ့တွင် ဖမ်းဆီးခံရသူများသည် နောင်ခွန်ရွာ (၅) ဦး၊ မန်တုံ (၄) ဦးနှင့် လွယ်ကန် (၂) ဦး စုစုပေါင်း (၁၁) ဦးတို့ ဖြစ်ပြီး အမျိုးသမီးနှင့် အမျိုးသားများ ပါဝင်သည်။

၄င်းရွာသားများကို ကာလန်ကျေးရွာ အကျော်ထိ ဖမ်းဆီးခေါ်ဆောင်သွားပြီး ကားဆက်လက်မသွားနိုင်၍ အမျိုးသမီးများကို ပြန်လည်လွတ်ပေးသော်လည်း အမျိုးသားများကို ဆက်လက် ဖမ်းဆီးခေါ်ဆောင်သွားကာ တချို့မှ ထွက်ပြေးလွတ်မြောက်လာခဲ့သည်။

ထို့နောက် မတ်လ ၅ ရက်နေ့တွင် မန်ပြိန်းကျေးရွာ အနီးရှိ ကြံခင်းတွင် အလုပ်လုပ်နေသော အလုပ်သမား (၂၀ဝ) ကျော်ကို လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး သက်ကြီးရွယ်အိုနှင့် မိန်းကလေးကို ပြန်လွတ်ပေးသော်လည်း အများစု ဖြစ်သည့် ရွာသားကို ယနေ့ချိန်ထိ ဖမ်းဆီးထိန်းသိမ်းထားဆဲ ဖြစ်သည်။

ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းများသည် KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။