RCSS/SSA ဖမ်းဆီးထားသည့် မန်လီရွာသား (၈) ဦး ပြန်လွှတ်လာ
၂၉ ရက် မတ်လ ၂၀၁၉ ခုနှစ်
တအာင်းအမျိုးသမီး အဖွဲ့အစည်း
ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA အဖွဲ့မှ မန်လီရွာသား (၈) ဦးကို ၂၉ ရက်ကြာ ဖမ်းဆီးထိန်းသိမ်းပြီးနောက် ဒီကနေ့ ၂၉ ရက် မတ်လ ၂၀၁၉ ခုနှစ်တွင် ပြန်လွှတ်ပေးကြောင်း သိရသည်။
လွတ်မြောက်လာသည့် မန်လီရွာသား (၈) ဦးကို ၄င်းတို့ မိသားစုဝင်၊ နမ္မတူမြို့နယ် တအာင်းအမျိုးသားပါတီ၊ တအာင်းစာပေနှင့် ယဉ်ကျေးမှု၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှု၊ SNLD အဖွဲ့တို့မှ သွားရောက် ခေါ်ဆောင်လာခဲ့သည်။
ဖမ်းဆီးခံရသူ မိသားစုဝင် တစ်ဦးမှ “ ဒီမနက် ၉ နာရီလောက် (၈) ဦးလွတ်လာတယ်၊ အဲဒီအတွက် ဝမ်းသာတယ် ဒါပေမဲ့ ကျန်ရှိနေတဲ့ (၄) ဦးအတွက်တော့ စိတ်မကောင်းဘူး” ဟုပြောသည်။
အဆိုပါ မတ်လ ၁ ရက်နေ့တွင် ပျောက်ဆုံးသွားသူ မန်လီ ရွာသား (၁၂) ဦးကို RCSS/SSA အဖွဲ့မှ ဖမ်းဆီးထားခြင်း မရှိကြောင်း မီဒီယာတွင် ငြင်းဆိုထားသော်လည်း ယနေ့တွင် (၈) ဦး ပြန်လွတ်ပေးခဲ့သည်။ ကျန်ရှိသည့် ရွာသား (၄) ဦးနှင့် ပတ်သက်၍ မည်သည့် သတင်းအချက်လက်မှ မသိရသေးပေ။