RCSS/SSA မှ ဖမ်းဆီးထားသော မန်လီရွာသား (၁၂) ဦးအနက် (၈) ဦး ပြန်လွှတ်ပေးခြင်းအပေါ် ကော်မတီ၏ သဘောထားထုတ်ပြန်ချက်
ရက်စွဲ။ ။ ၂၀၁၉-ခုနှစ်၊ မတ်လ (၃၀) ရက်
၁။ (၁၊ ၃၊ ၁၉) ရက်နေ့တွင် RCSS/SSA တပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားသည့် မန်လီရွာသား (၁၂)ဦး တို့အား တစ်လနီးပါးကြာ ထိန်းသိမ်းထားရာမှ ယနေ့ (၈)ဦး ပြန်လွှတ်ပေးလိုက်သည့်အပေါ် မန်လီရွာသား လွတ်မြောက်ရေးကော်မတီမှ အထူးဝမ်းမြောက်ပီတိဖြစ်ပါကြောင်း၊ သွားရောက်ညှိနှိုင်းပေးပြီး မန်လီရွာသား များကို လမ်းခရီးတလျှောက် အဆင်ပြေစွာ နေရပ်သို့ အရောက် ခေါ်ယူပို့ဆောင်ပေးသည့် ပုဂ္ဂိုလ်အသီးသီး တို့အား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။
၂။ မန်လီရွာသားများ ဖမ်းဆီးခံရပြီးနောက် တအာင်းအရပ်ဖက်အဖွဲ့အစည်း အသီးသီးသည် RCSS/ SSA တပ်ဖွဲ့မှ ဖမ်းဆီးထားကြောင်းကို ထုတ်ပြန်ချက် အကြိမ်ကြိမ်ထုတ်ပြန်ခဲ့ပါလျှက် RCSS/ SSA တာဝန်ရှိပုဂ္ဂိုလ်များမှ ၎င်းတို့တပ်ဖွဲ့ ဖမ်းဆီးထားခြင်းမရှိကြောင်း မီဒီယာပေါ်တွင် ငြင်းဆိုခဲ့သော်လည်း ယနေ့ (၈)ဦးကို ၎င်းတို့တပ်ဖွဲ့မှ လွှတ်ပေးလိုက်ခြင်းဖြစ်သည်။
၃။ ဖမ်းဆီးခံရသော မိသားစုဝင်များအပါအဝင် နမ္မတူမြို့နယ် တအာင်း(ပလောင်)အမျိုးသား ပါတီ၊-TNP ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်-SNLD ၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ၊ တအာင်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ (၄)ကြိမ်တိုင်တိုင် သွားရောက်ညှိနှိုင်းခဲ့ပြီးမှ လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
၄။ သို့ဖြစ်ပါ၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ဦးတည်ပြီး လူသားချင်းစာနာထောက်ထား သောအားဖြင့် ကျန်ရှိသည့် မန်လီရွာသား(၄)ဦးအား ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးပါရန် အလေးအနက် တောင်းဆိုအပ်ပါသည်။
လေးစားမှုဖြင့်
မန်လီရွာသားများ လွတ်မြောက်ရေးကော်မတီ
ဆက်သွယ်ရန်
(၁) ဝ၉-၂၅၆၁၂၈၅၈၂
(၂) ဝ၉-၂၆၄၁၆၂၂၂၉